ကလပ်ရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးရှင် တိုက်စစ်မှူးကို ပေါင် ၂၅သန်းအရှုံးခံကာ ပြန်ရောင်းလိုက်တဲ့ ဝက်စ်ဟမ်းအသင်း

ဝက်စ်ဟမ်းအသင်းဟာ ကလပ်သမိုင်းတစ်လျှောက် စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူခဲ့တဲ့ တိုက်စစ်မှူး ဟယ်လာကို ၁၈လအကြာမှာပဲ ပေါင် ၂၅သန်း အရှုံးခံကာ အေဂျက်အသင်းဆီ ပြန်ရောင်းလိုက်ပါတယ်။

အိုင်ဗရီကို့စ်လက်ရွေးစင်တိုက်စစ်မှူး ဟယ်လာ (၂၆နှစ်)ဟာ ၂၀၁၉နွေရာသီက ဖရန့်ဖတ်အသင်းကနေ ပေါင် ၄၅သန်းနဲ့ ဝက်စ်ဟမ်းအသင်း ဆီရောက်ရှိလာခဲ့တာဖြစ်ပြီး အခုတော့ အေဂျက်စ်အသင်းဆီ ပေါင်သန်း ၂၀နဲ့ ပြောင်းရွှေ့သွားခဲ့ပါပြီ။

ဟယ်လာဟာ ပရီးမီးယားလိဂ်မှာ အံဝင်အောင် ကစားနိုင်ခဲ့ခြင်းမရှိဘဲ ဝက်စ်ဟမ်းအတွက် ၄၈ ပွဲမှာ ၁၀ဂိုးသာ သွင်းယူနိုင်ခဲ့ကာ ပြိုင်ပွဲစုံ ၅၄ပွဲမှာလည်း ၁၄ဂိုးသာ ရှိခဲ့ပါတယ်။ ဒါ့ကြောင့် ဝက်စ်ဟမ်းအသင်းအနေနဲ့ သူ့ရဲ့သွင်းဂိုးတစ်ဂိုးအတွက် ပေါင် ၃သန်းကျော်လောက် အသုံးပြုခဲ့ရတဲ့သဘောဖြစ်သွားပါတယ်။

အေဂျက်စ်အသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးရှင်ဖြစ်ခဲ့ပြန်တဲ့ ဟယ်လာက “ဒီကလပ်ဟာ ကျွန်တော့်အနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်ကစားနိုင်တဲ့ ကလပ်အသင်းတစ်သင်းဖြစ်ပါတယ်။ လိဂ်ချန်ပီယံဆုကိုလည်း နှစ်တိုင်းမျှော်မှန်းနိုင်တဲ့ကလပ်ပါ။ ဒါတွေက ကျွန်တော့်ကို အားတက်စေပါတယ်”လို့ Ajax TV ကို ပြောကြားခဲ့ပါတယ်။

ဝက်စ်ဟမ်းအသင်းနည်းပြ ဒေးဗစ်မိုယက်စ်ကတော့ ဟယ်လာရဲ့နေရာမှာအစားထိုးဖို့ လိဂ်ချန်ပီယံရှစ်ကလပ် ဘုန်းမောက်အသင်းတိုက်စစ်မှူး ဂျိုရှူအာကင်းကို ပစ်မှတ်ထားနေပါတယ်။ လက်ရှိဝက်စ်ဟမ်းအသင်းတိုက်စစ်ပိုင်းမှာ စီနီယာကစားသမားအနေနဲ့ အန်တိုနီယိုတစ်ဦးသာ ရှိတာကြောင့် နည်းပြမိုယက်စ်အနေနဲ့ ဒီအပြောင်းအရွှေ့ကာလမှာ တိုက်စစ်မှူးတစ်ဦး မဖြစ်မနေခေါ်ယူဖို့ လိုအပ်နေပါတယ်။

Ref: The Guardian

Be the first to comment

Leave a Reply

Your email address will not be published.


*