
စပါးအသင်းဟာ လာမယ့်တနင်္ဂနွေညမှာ FAဖလားတတိယအဆင့်ပွဲစဉ်အဖြစ် Non-league ကလပ် မာရင်းအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာပါ။ မာရင်းအသင်းရဲ့အိမ်ကွင်းမှာ သွားရောက်ကစားရမယ့် ဒီပွဲမတိုင်မီ စပါးအသင်းနည်းပြ မော်ရင်ညိုဟာ မာရင်းအသင်းကပြုလုပ်တဲ့ ကံစမ်းမဲအစီအစဉ်တစ်ခုမှာ လက်မှတ်တစ်စောင် ဝယ်ယူအားပေးခဲ့ပါတယ်။
ပထမဆုကံထူးသူအနေနဲ့ လာမယ့်ရာသီကြိုကာလမှာ မာရင်းအသင်းကို ခြေစမ်းပွဲတစ်ပွဲ နည်းပြခွင့် ရမှာဖြစ်ပြီး မော်ရင်ညိုအတွက်တော့ ကံထူးရင်တောင် လုပ်နိုင်ဖို့မလွယ်တဲ့ဆု ဖြစ်နေပါတယ်။ အင်္ဂလန်လိဂ်အဆင့်သတ်မှတ်ချက်အရ အဆင့်-၈ လိဂ်မှာ ကစားနေတဲ့ မာရင်းအသင်းဟာ ကိုဗစ်ကြောင့် သူတို့အသင်းသမိုင်း တစ်လျှောက်အကြီးကျယ်ဆုံးပွဲစဉ်မှာ ကွင်းဝင်ကြေးမရတော့တာကြောင့် ဒီအစီအစဉ်နဲ့ ဝင်ငွေရှာခဲ့တာလည်းဖြစ်ပါတယ်။
မော်ရင်ညိုက “ကျွန်တော် လက်မှတ်တစ်စောင်ဝယ်ယူခဲ့ပါတယ်။ ဒါပေမဲ့ ကံထူးခဲ့ရင်တောင် ကျွန်တော်တို့မှာလည်း ရာသီကြိုခြေစမ်းပွဲတွေ ရှိနေတဲ့အတွက် လုပ်နိုင်မယ်လို့မထင်ပါဘူး။ နောက်ပြီး အဲဒီလိုကံထူးမယ်လို့လည်း မတွေးထားပါဘူး။ ဒီအတိုင်းပဲ လက်မှတ်တစ်စောင် ဝယ်ယူအားပေးခဲ့တာပါ” လို့ ဆိုခဲ့တယ်။
မော်ရင်ညိုက အောက်တန်းလိဂ်အသင်းငယ်ကို ရင်ဆိုင်ရမှာဖြစ်ပေမယ့် တောင့်တင်းတဲ့ လူစာရင်းကို အသုံးပြုသွားမယ်လို့ ဆိုပါတယ်။ မော်ရင်ညိုဟာ မာရင်းအသင်းနဲ့ပွဲအတွက် စပါးအသင်းလူစာရင်းမှာ ဘေးလ်၊ လာမယ်လာတို့အပါအဝင် အသင်းကြီးကစားသမား ၁၉ ဦးနဲ့အတူ လူငယ်ကစားသမားတချို့ကိုလည်း ခေါ်ယူသွားပါတယ်။
မော်ရင်ညိုက လာမယ့်ဗုဒ္ဓဟူးနေ့မှာကစားမယ့် အက်စတွန်ဗီလာအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို ပြိုင်ဘက်အသင်းရဲ့ ကိုဗစ်ပြန့်ပွားမှုအခြေအနေကြောင့် ရွှေ့ဆိုင်းမယ်ဆိုရင် လုံးဝလက် ခံနိုင်စရာမရှိဘူးလို့ ကြိုတင်ပြောဆိုခဲ့ပါတယ်။
Ref: The Guardian
Leave a Reply