
မန်စီးတီးအသင်းပိုင်ရှင် အာရပ်စော်ဘွားရှိတ်မန်ဆော်ဟာ အင်္ဂလန်ရဲ့သက်တမ်းအရင့်ဆုံး FAဖလားကို လေလံပွဲတစ်ခုမှာ ပေါင် ၇၆၀,၀၀၀နီးပါးပေးပြီး ဝယ်ယူခဲ့ပါတယ်။ ဒီဖလားကို FA ဖလားပြိုင်ပွဲမှာ ၁၈၉၆ ကနေ ၁၉၁၀ ခုနှစ်အထိ ဆုဖလားအဖြစ် အသုံးပြုခဲ့တာဖြစ်ပြီး ရှေးဟောင်းပစ္စည်းတွေကို စုဆောင်းလေ့ရှိတဲ့ ဝက်စ်ဟမ်းအသင်းဒါရိုက်တာအဖွဲ့ဝင် ဒေးဗစ်ဂိုးလ်က လေလံတင်ရောင်းချခဲ့တာ ဖြစ်ပါတယ်။
ဒေးဗစ်ဂိုးလ်ဟာ ၂၀၀၅ခုနှစ်က ဒီဖလားကိုဝယ်ယူခဲ့တာဖြစ်ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာလမှာတော့ လေလံတင်ရောင်းချခဲ့ကာ “နိုင်ငံ့ရတနာ” တစ်ခုလို ဝယ်ယူဖို့အပြိုင်အဆိုင်ကြိုးစားခဲ့ကြပြီး ရှိတ်မန်ဆော်က ၇၅၉,၀၅၂ ပေါင် နဲ့ လေလံအောင်ခဲ့ပါတယ်။
မန်ချက်စတာမြို့က အမျိုးသားဘောလုံးပြတိုက်မှာထားရှိတဲ့ ဒီဖလားကို လေလံအောင်သွားတဲ့ ရှိတ်မန်ဆော်က ယူဆောင်သွားခဲ့ပြီး နောက်ပိုင်းမှာမှ ပြတိုက်မှာဆက်ထားဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။
ပြတိုက်ရဲ့အမှုဆောင်ချုပ် တမ်ဒက်စ်မွန့်က ” ၂၀၁၉ခုနှစ် စက်တင်ဘာမှာ လေလံအောင်သွားပြီးနောက် ပိုင်ရှင်သစ်က ယူဆောင်သွားလို့ ဒီဖလားကို ကျွန်တော်တို့နောက်ထပ်မြင်ရတော့မှာမဟုတ်ဘူးလို့ စိုးရိမ်ခဲ့တာပါ။ ဒါက ဗြိတိန်ရဲ့ သမိုင်းဝင် FA ဖလားကို ဆုံးရှုံးရတာ ဖြစ်ပါတယ်။ ဒီပြတိုက်မှာ တခြားအံ့သြဖွယ်အရာတွေကိုပြသထားပေမယ့် ဒီဖလားကတော့ သက်တမ်းအရင့်ဆုံး FAဖလားအဖြစ်နဲ့ အားလုံးထက် အရေးပါတဲ့အရာတစ်ခုလို ရှိနေခဲ့တာပါ။”
“ရှိတ်မန်ဆော်က ဒါကိုဝယ်ယူခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ ဒီပြတိုက်မှာပဲ ပြန်ထားဖို့ သူ့ဆီက ကမ်းလှမ်းမှုရရှိခဲ့ပါတယ်။ ဒါဟာ ပြတိုက်အတွက်သာမက နိုင်ငံရဲ့အားကစားအမွေအနှစ်ကို ကာကွယ်ထိန်းသိမ်းနိုင်တာလည်းဖြစ်လို့ အံ့အားသင့်ဖွယ် သတင်းတစ်ခုဖြစ်ခဲ့ရပါတယ်” လို့ ဖွင့်ဟခဲ့တယ်။
ဒီဖလားဟာ ၁၁၆နှစ်အကြာက မန်စီးတီးအသင်း ရရှိခဲ့တဲ့ ပထမဆုံးဆုဖလားလည်းဖြစ်ပြီး အသင်းရဲ့ သမိုင်းဝင်ဆုဖလားတစ်ခုအနေနဲ့ ရှိတ်မန်ဆော်က ဝယ်ယူခဲ့တာဖြစ်ပါတယ်။
Ref: The Sun
Leave a Reply