
PSG နည်းပြ ပိုချက်တီနိုဟာ မန်စီးတီး တိုက်စစ်မှူး အဂွဲရိုးကို နွေရာသီစျေးကွက်မှာ ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ ကစားသမား အေးဂျင့် ဘရူနိုဆာတင်က ပြောလိုက်ပါတယ်။
အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဂွဲရိုးဟာ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း ၆ လသာ ကျန်ရှိတော့ပေမယ့်လည်း နောက်ထပ် သက်တမ်းတိုးဖို့ သဘောတူညီမှု မရရှိသေးပါဘူး။
အင်တာမီလန်ကစားသမား အိုလီဗီယာ ဒက်ခရော့ခ်နဲ့ လက်ထောက်နည်းပြ လန်းဒရူတို့ရဲ့ အေးဂျင်းဖြစ်တဲ့ဆာတင်ဟာ ပိုချက်တီနိုက PSG အသင်းမှာ ပထမဆုံးအဖြစ် အဂွဲရိုးကို ဦးစားပေးခေါ်ယူနိုင်ဖို့ စီစဥ်နေတယ်လို့ ထုတ်ဖော်ခဲ့ပါတယ်။
အဂွဲရိုးဟာ အသင်းနဲ့ အနာဂတ်မရေရာဖြစ်နေပြီး ရာသီအကုန်မှာ အသင်းပြောင်းရွှေ့ဖို့အတွက် အခြားကလပ်တွေနဲ့ ကြိုတင်စာချုပ်ချုပ်ဆိုနိုင်တဲ့ အခွင့်အရေးရှိနေပါတယ်။
တစ်ပတ်လုပ်ခလစာ ပေါင် ၂၄၀,၀၀၀ ရနေတဲ့ အဂူအတွက်တော့ နေမာနဲ့ ဘာပေတို့ရဲ့ လစာငွေက ပိုများနေတာကြောင့် PSG အတွက် ပြဿနာရှိမယ်မထင်ပါဘူး။
အဂွဲရိုးနဲ့ပတ်သက်ပြီး ဂွါဒီယိုလာက “သူဟာ ကျွန်တော်တို့အတွက် ဘယ်လောက်အရေးပါတယ်လဲဆိုတာ အားလုံးသိကြပါတယ်။ ဒါပေမယ့် သူဟာ ဒီမှာ ကျွန်တော်တို့နဲ့ အကောင်းဆုံးကစားပြီး နိုင်ပွဲတွေယူပြတာတွေ လုပ်ပြနိုင်ရမှာပါ။”
“ပြီးတော့ ကျွန်တော်နဲ့ ကလပ်ကလည်း ဆုံးဖြတ်ရမယ်။ သူရဲ့ နဂိုစွမ်းဆောင်ရည်အတိုင်းသာရှိနေမှာဆိုရင် သူနေချင်တဲ့အထိ ဒီမှာရှိလို့ရတယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။ ဘာလို့လဲဆိုတော့ သူက ကျွန်တော်တို့နဲ့ ပရိသတ်တွေအတွက် အကောင်းဆုံးကစားသမား ဖြစ်ပါတယ်။” လိုပြောသွားပါတယ်။
အဂွဲရိုးဟာ ဒီရာသီမှာ မန်စီးတီးအတွက် ၅ ပွဲသာ ကစားထားရပြီး ဒဏ်ရာနဲ့ ရုန်းကန်နေရပါတယ်။
Ref: dailymail
Leave a Reply