
ဘောလုံးလေ့လာမှုအဖွဲ့ CIES က ၂၀၂၁ခုနှစ်အတွက် ကစားသမားတန်ဖိုးစာရင်းကို ထုတ်ပြန်ခဲ့ရာ မန်ယူအသင်းတိုက်စစ်ကစားသမား ရက်ဖို့ဒ်က ထိပ်ဆုံးမှာ ရပ်တည်နေပြီး စီရော်နယ်ဒိုကတော့ ထိပ်ဆုံး၁၀၀ဦးစာရင်းမှာတောင် မပါဝင်ခဲ့ပါဘူး။
CIES ဟာ ဒီစာရင်းကို နှစ်စဉ်ထုတ်ပြန်လေ့ရှိပြီး တန်ဖိုးတွေကိုတော့ ကစားသမားရဲ့အသက်၊ ခြေစွမ်း၊ စာချုပ်သက်တမ်း၊ အသင်းရဲ့ရလဒ်ပိုင်း၊ စျေးကွက်အခြေအနေ စတဲ့အချက်တွေအပေါ် မူတည်ပြီး တွက်ချက်လေ့ရှိပါတယ်။
ဒါကြောင့်စီရော်နယ်လ်ဒို၊ မက်ဆီတို့လို အသက်ရလာတဲ့ ကစားသမားတွေဟာ ဒီစာရင်းမှာလူငယ်ကစားသမားတွေရဲ့နောက် ရောက်ရှိသွားခဲ့ပြီး မက်ဆီက ၉၇ ၊ စီရော်နယ်လ်ဒိုက ၁၃၁ နေရာတွေမှာသာ ရပ်တည်နိုင်ခဲ့တယ်။
ဒီစာရင်းမှာ ရက်ဖို့ဒ်(၂၃နှစ်)ကို ပေါင် ၁၅၀.၁သန်း တန်ကြေးတွက်ချက်ထားပြီး ဒေါ့မွန်အသင်းတိုက်စစ်မှူး ဟာလန်း(၂၀နှစ်-ပေါင် ၁၃၇.၈သန်း) ကိုကျော်ကာ ထိပ်ဆုံးမှာ ဦးဆောင်နေတာဖြစ်ပါတယ်။
မနှစ်က တန်ဖိုးအကြီးဆုံးအဖြစ်သတ်မှတ်ခံခဲ့ရတဲ့ PSGအသင်းတိုက်စစ်မှူး ဘာပေ(၂၂နှစ်) ကတော့ အသင်းနဲ့စာချုပ်သက်တမ်း ၁၈လသာ ကျန်တော့လို့ တန်ကြေးကျဆင်းသွားခဲ့ပြီး ပေါင် ၁၃၅.၄သန်းနဲ့ အာနိုးလ်(လီဗာပူးလ်-ပေါင် ၁၃၇.၄သန်း)၊ ဘရူနိုဖာနန်ဒက်စ် (မန်ယူ-ပေါင် ၁၃၆.၉သန်း)တို့နောက် အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။
ဒီကစားသမားတွေနဲ့အတူ ထိပ်ဆုံး ၁၀ဦးစာရင်းမှာပါဝင်နေသူတွေကတော့ ဆန်ချို(ဒေါ့မွန်- ပေါင် ၁၃၄.၅သန်း)၊ ယာအိုဖီးလစ်(အက်သလက်တီကို- ပေါင် ၁၂၈.၂သန်း)၊ အယ်ဖွန်ဆိုဒေဗီးစ်(ဘိုင်ယန်- ပေါင် ၁၂၆.၂သန်း)၊ စတာလင်း(မန်စီးတီး- ပေါင် ၁၂၄သန်း)နဲ့ ကိုင်ဟာဗက်ဇ်(ချယ်လ်ဆီး- ပေါင် ၁၂၃.၂သန်း)တို့ ဖြစ်ကြပါတယ်။
အာဆင်နယ်အသင်းအတွက် ခြေစွမ်းပြနေတဲ့ ၁၉နှစ်သား ဆာကာကတော့ ဟာကီမီ၊ မေဆန်မော့တ်၊ အန်ဆူဖာတီ၊ ဟယ်ရီကိန်း၊ ဖရန်ကီဒီယွန်းတို့အထက် ထိပ်ဆုံး ၂၀ဦးစာရင်းရဲ့ ၁၅နေရာမှာ ပေါင် ၁၀၅.၃သန်းနဲ့
ရပ်တည်နေပါတယ်။
CIESရဲ့ ထိပ်ဆုံး ၁၀၀ စာရင်းမှာ မန်ယူအသင်းက ၁၀ဦးနဲ့ အများဆုံးပါဝင်နေပြီး အဲဒီကစားသမားအားလုံးဟာ မက်ဆီ(ပေါင် ၄၉သန်း – အဆင့် ၉၇) အထက်မှာ ရပ်တည်နေတယ်လို့ သိရပါတယ်။
Ref:Daily Mail
Leave a Reply