PSG နဲ့ပွဲဦးထွက်မှာ အနိုင်မရခဲ့တာကြောင့် စိတ်ပျက်မိတယ်လို့ ပိုချက်တီနို ပြောကြား

PSG နည်းပြသစ်အဖြစ် စတင်ကိုင်တွယ်ရတဲ့ ပထမဆုံးပွဲဦးထွက်မှာ စိန့်အက်တီယန်ကို (၁-၁) ဂိုး သရေကျသွားခဲ့တာကြောင့် စိတ်ပျက်မိတယ်လို့ ဝန်ခံသွားခဲ့ပါတယ်။

စိန့်အက်တီယန်တိုက်စစ်မှူး ရိုမန်ဟမ်းမာက ပွဲချိန် ၁၉ မိနစ်မှာ ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး PSG အတွက် ချေပဂိုးကိုတော့ နောက် ၃ မိနစ်အကြာမှာ မွိုက်စ်ကိန်းက သွင်းယူပေးနိုင်ခဲ့ပြီး သရေရလဒ်နဲ့ ပွဲပြီးသွားခဲ့ပါတယ်။ သရေရလဒ်ကြောင့် PSG ဟာ ဇယားထိပ် လိုင်ယွန်အသင်းနဲ့ ၃ မှတ်ကွာဟခဲ့ပြီး ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

ပိုချက်တီနိုဟာ ပြီးခဲ့တဲ့စနေနေ့တုန်းက PSG နည်းပြသစ်အဖြစ် ၂၀၂၂ နွေရာသီအထိ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ လောလောလတ်လတ် ထုတ်ပယ်ခံရတဲ့ နည်းပြတူချယ်နေရာ စပါးနည်းပြဟောင်း ပိုချက်တီနိုကို အစားထိုးခဲ့ပါတယ်။

ပိုချက်တီနိုက Telefoot သတင်းဌာနကို “နိုင်ပွဲရအောင် မစွမ်းဆောင်နိုင်ခဲ့လို့ ကျွန်တော် အနည်းငယ်စိတ်ပျက်မိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က PSG ဖြစ်တာကြောင့် နိုင်ကိုနိုင်ရမှာ” လို့ပြောသွားခဲ့ပါတယ်။

“၃ ရက်အတွင်းမှာ ကျွန်တော်တို့ ပြင်ဆင်ချိန်နည်းနည်းပဲရခဲ့ပါတယ်။ အသင်းတိုးတက်ဖို့အတွက် လုပ်စရာအများကြီးရှိပါသေးတယ်။ ဒီရလဒ်က ကျွန်တော်တို့ လိုချင်တဲ့ရလဒ်မဖြစ်ခဲ့ပေမယ့် စိန့်အက်တီယန်အတွက်တော့ ထိုက်တန်ခဲ့ပါတယ်။”လို့ ပြောသွားပါတယ်။

PSG နောက်ခံ အသင်းခေါင်းဆောင်ကလည်း “ရက်အနည်းငယ်အတွင်း နည်းပြအသစ်နဲ့ ကစားဟန်သစ်တွေ ပြောင်းလဲရတာကြောင့် ဒီရလဒ်ရခဲ့တဲ့အတွက် မအံ့သြမိပါဘူး။ စိန့်အက်တီယန်ကို လွယ်လွယ်နဲ့ အနိုင်ယူလို့မရဘူးဆိုတာ ကျွန်တော်တို့ အားလုံးသိပါတယ်။” လို့ ပြောသွားခဲ့ပါတယ်။

Ref: goal.com

Be the first to comment

Leave a Reply

Your email address will not be published.


*