
ဘိုင်ယန်မြူးနစ်အသင်း အားကစားဒါရိုက်တာ ဆာလီဟာမီဇစ်က ဒီရာသီမှာ တိုက်စစ်မှူး လီဝန်ဒေါစကီးအနေနဲ့ ဂျာမနီဂန္ထဝင်တိုက်စစ်မှူး ဂတ်မူလာရဲ့စံချိန်ကို မချိုးဖျက်နိုင်လည်း ပြဿနာမရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူးဟောင်း ဂတ်မူလာဟာ ၁၉၇၁-၇၂ ရာသီမှာ လိဂ်ဂိုး ၄၀ သွင်းယူနိုင်ခဲ့ပြီး ဘွန်ဒစ်လီဂါပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ တစ်ရာသီအတွင်း ဂိုးအများဆုံးသွင်းသူအဖြစ် ရပ်တည်လျက် ရှိပါတယ်။
ပိုလန်လက်ရွေးစင်တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ ဒီရာသီဘွန်ဒစ်လီဂါ ၁၃ပွဲ မှာ ၁၉ဂိုး အထိ သွင်းယူထားတာကြောင့် ဂတ်မူလာရဲ့စံချိန်ကို ချိုးဖျက်နိုင်ဖို့ အလားအလာကောင်းနေပါတယ်။
ဆာလီဟာမီဇစ်က “သူ့ကို ကွင်းထဲမှာ ပွဲချိန်ပြည့် မလိုအပ်ပါဘူး။ သူကျန်းမာနေဖို့ လိုပါတယ်။ ဒါက အရေးကြီးဆုံးအချက်ပါ။ စံချိန်တွေ ဘာတွေကို ကျွန်တော် ဂရုမစိုက်ပါဘူး။ သူက ဘယ်အရာကိုမဆို စွမ်းဆောင်နိုင်စွမ်းရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်အလိုရှိတာက သူစံချိန်ချိုးနိုင်ဖို့မဟုတ်ပါဘူး” လို့ ဆိုခဲ့တယ်။
လီဝန်ဒေါစကီးအနေနဲ့ ဒီရာသီမှာ ဂတ်မူလာရဲ့ စံချိန်ကိုချိုးဖျက်နိုင်မယ်လို့ ယုံကြည်နေသူတွေလည်း ရှိပါတယ်။ ဂျာမန်ဂန္ထဝင် လိုသာမားသီးယပ်စ်က “ကျွန်တော်ကတော့ လီဝန်ဒေါစကီးအနေနဲ့ ဂတ်မူလာရဲ့ စံချိန်ကို ဒီအသင်းနဲ့အတူ ချိုးဖျက်နိုင်လိမ့်မယ်လို့ အကြွင်းမဲ့ယုံကြည်ပါတယ်” လို့ ဆိုခဲ့တယ်။
ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ဟန်းဆီဖလစ်ဇ်ကလည်း “သူက ဂိုးတွေပိုသွင်းနိုင်ဖို့ပဲ အလိုရှိနေတာပါ။ အခုဆို လီဝန်ဟာ ၁၉ ဂိုး ရှိသွားပါပြီ။ ဒါပေမဲ့ ဒါက အရမ်းကွာနေသေးတယ်ဆိုတာ သူသိပါတယ်။ သူ့အနေနဲ့ ဂိုးတွေထပ် သွင်းနိုင်မှာ သေချာပါတယ်။ ရာသီကုန်ရင် သူစံချိန်တစ်ခုခုကို ချိုးဖျက်နိုင်ပါလိမ့်မယ်” လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။
Ref: Bavarianfootballworks
Leave a Reply