
အေစီမီလန်အသင်းနည်းပြ ပီအိုလီက ဒီညကစားမယ့် ဂျူဗင်တပ်စ်အသင်းနဲ့ပွဲဟာ အရေးကြီးတဲ့ ပွဲစဉ်ဖြစ်ပေမယ့် ချန်ပီယံဆုအတွက် အဆုံးအဖြတ်မဟုတ်ဘူးလို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
ပီအိုလီဦးဆောင်တဲ့ အေစီမီလန်အသင်းဟာ ဒီရာသီမှာ ခြေစွမ်းအတည်ငြိမ်ဆုံးဖြစ်နေပြီး ဥရောပ ထိပ်တန်းလိဂ် ၅ခု မှာ ရှုံးပွဲမရှိသေးတဲ့ တစ်သင်းတည်းသောအသင်းအဖြစ် ရပ်တည်လျက် ရှိပါတယ်။
အေစီမီလန်အသင်းဟာ စီးရီးအေ ၁၅ပွဲ ကစားပြီးချိန်မှာ ရမှတ် ၃၇မှတ်နဲ့ အဆင့် ၁ နေရာ ရပ်တည်နေပြီး ဒုတိယနေရာက မြို့ခံပြိုင်ဘက် အင်တာမီလန်အသင်းကို တစ်မှတ်အသာနဲ့ ဦးဆောင်နေပါတယ်။
လက်ရှိမှာ တစ်ပွဲလျော့ကစားထားတဲ့ ဂျူဗင်တပ်စ်အသင်းကတော့ ရမှတ် ၂၇မှတ်နဲ့ ရိုးမား၊ နာပိုလီတို့နောက် အဆင့် ၅ နေရာရပ်တည်နေပါတယ်။
ပီအိုလီက “အသင်းနှစ်သင်းရဲ့ သမိုင်းကြောင်းကြောင့် ဒီပွဲဟာ အရေးကြီးတဲ့ပွဲတစ်ပွဲပါ။ ဒါပေမဲ့ ၁၅ပွဲ လောက်သာ ကစားရသေးလို့ ချန်ပီယံဆုအတွက် အဆုံးအဖြတ်မဟုတ်ပါဘူး။ သူတို့ ဟာ ကစားသမားကောင်းတွေနဲ့ အမြဲတမ်းတောင့်တင်းနေတဲ့အသင်းပါ။
ဒီညမှာ သူတို့ ချန်ပီယံဆုကို လက်လွတ်ရမှာ မဟုတ်ပါဘူး။ သူတို့အတွက် အချိန်တွေအများကြီး ရှိပါသေးတယ်။ အီဘရာလား… သူ ဒီပွဲမှာ ပါဝင်နိုင်ဖို့ အဆင်သင့်မဖြစ်သေးပါဘူး” လို့ ဆိုခဲ့တယ်။
အေစီမီလန်အသင်းကွင်းလယ်လူ ကယ်ဟာနိုဂလူဟာ ဒီဇင်ဘာလအတွက် အကောင်းဆုံးကစားသမားဆုကို ဒီပွဲစဉ်မှာ လက်ခံရယူသွားမှာဖြစ်ပါတယ်။ အေစီမီလန်အနေနဲ့ အိမ်ကွင်းမှာ ဂျူဗင်တပ်စ်ကို ရင်ဆိုင်ရမှာဖြစ်ပြီး ရှုံးပွဲမရှိမှတ်တမ်းကို ဆက်ထိန်းနိုင်မလား စောင့်ကြည့်ရမှာပါ။
Ref: Gianlucadimarzio.com
Leave a Reply