
ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က ကိုဗစ်အတည်ပြုလူနာ စံချိန်တင် တွေ့ရှိခဲ့တာကြောင့် နိုင်ငံအတွင်း အသွားအလာကန့်သတ်မှုစည်းမျဉ်းအသစ်ကို ကြေညာခဲ့ပါတယ်။
ဗြိတိန်ဟာ လက်ရှိမှာ ကိုဗစ်ရောဂါမျိုးကွဲသစ်ပြန့်ပွားနေပြီး တနင်္လာနေ့က စံချိန်တင်အတည်ပြုလူနာ ၅၈,၇၈၄ ဦး တွေ့ရှိခဲ့ပါတယ်။ ဒါ့ကြောင့် ဘောရစ်ဂျွန်ဆင်ဟာ ကိုယ်ကာယလေ့ကျင့်ခန်းနဲ့ စျေးဝယ်ဖို့ အတွက်သာ အပြင်ထွက်ခွင့်ပြုပြီး အရေးမကြီးတဲ့ဆိုင်တွေကိုလည်း ပိတ်ထားဖို့ တောင်းဆိုခဲ့ပါတယ်။
Gym တွေ၊ တင်းနစ်ကွင်းတွေနဲ့ ဂေါ့ဖ်ကွင်းတွေကိုလည်း ပိတ်ထားစေမှာဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတစ်ဝှမ်း စာသင်ကျောင်းတွေနဲ့ ကောလိပ်တွေကိုလည်း ဖေဖော်ဝါရီလလယ်အထိ ပိတ်ထားဖို့ ထုတ်ပြန်ခဲ့ပါတယ်။
ကန့်သတ်ကာလအတွင်း မလိုအပ်ဘဲအပြင်ထွက်တဲ့သူတွေကိုတော့ ဒေါ်လာ ၂၇၀ ဒဏ်ရိုက်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒီလိုအခြေအနေတွေရှိနေပေမယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲအပါအဝင် ပရော်ဖက်ရှင်နယ် အားကစားပြိုင်ပွဲတွေကိုတော့ တံခါးပိတ်စနစ်နဲ့ ဆက်လက်ကျင်းပစေမယ်လို့ သိရပါတယ်။
အမျိုးသမီး FA Cup ပြိုင်ပွဲအပါအဝင် ပရော်ဖက်ရှင်နယ်မဟုတ်တဲ့ အပျော်တမ်းနဲ့ လူငယ် အားကစားပြိုင်ပွဲတွေကိုလည်း ရွှေ့ဆိုင်းထားမှာပါ။ အမျိုးသမီးစူပါလိဂ်၊ လိဂ်ချန်ပီယံရှစ်နဲ့ အောက်တန်းလိဂ်ပွဲစဉ်တွေကိုလည်း ရွှေ့ဆိုင်းသွားဖို့ စီစဉ်ထားပါတယ်။
လိဂ်ချန်ပီယံရှစ်ပြိုင်ပွဲဝင်အသင်းတွေမှာ ကိုဗစ်ပိုးတွေ့သူများပြားလျက်ရှိပြီး ဒီရာသီမှာ စုစုပေါင်း ၅၂ ဦး အထိ ကူးစက်ခံထားရတယ်လို့ သိရပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း ကိုဗစ်ကြောင့် ရွှေ့ဆိုင်းခဲ့ရတဲ့ပွဲ ၄ ပွဲ အထိရှိခဲ့ပြီး မန်စီးတီး၊ ဖူလ်ဟမ်၊ နယူးကာဆယ်တို့ရဲ့ ပွဲစဉ်တချို့ကို ရွှေ့ဆိုင်းခဲ့တာဖြစ်ပါတယ်။
Ref: Goal.com
Leave a Reply