
ဒေါ့မွန်အသင်းအမှုဆောင်ချုပ် ဝက်ဇ်ကီက အသင်းတောင်ပံကစားသမား ဆန်ချိုဟာ မန်ယူအသင်းကြောင့် အာရုံထွေပြားခဲ့ရပြီး လက်ရှိအပြောင်းအရွှေ့သတင်းထွက်နေတဲ့ တိုက်စစ်မှူး ဟာလန်းအနေနဲ့လည်း လီဝန်ဒေါစကီးကို အတုယူသင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။
အသက် ၂၀ သာရှိသေးတဲ့ အင်္ဂလန်လူငယ်တောင်ပံကစားသမား ဆန်ချိုဟာ ပြီးခဲ့တဲ့နွေရာသီက မန်ယူအသင်းကိုပြောင်းရွှေ့ဖို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ပေမယ့် မပြောင်းရွှေ့ဖြစ်ခဲ့ပါဘူး။ ဒီအခြေအနေဟာ ဆန်ချိုအပေါ်သက်ရောက်မှုရှိခဲ့ပြီး ပုံမှန်ခြေစွမ်းအောက်ရောက်ရှိခဲ့ကာ ဒီရာသီ ဒေါ့မွန်အတွက် လိဂ် ၁၂ပွဲမြောက်မှာမှ ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ဝက်ဇ်ကီက “ဆန်ချိုအနေနဲ့ အာရုံထွေပြားခဲ့ပုံရပြီး အဲဒီအခြေအနေကနေ သူကိုယ်တိုင်ပဲ ပြန်တည်ဆောက်နိုင်ခဲ့ပြီလို့ထင်ပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအတွင်း သူ့ရဲ့ကြိုးစား အားထုတ်မှုတွေကို ပြန်မြင်နေရပါပြီ။ သူဟာ အကြီးကျယ်ဆုံးအရည်အသွေးတွေပိုင်ဆိုင်ထားဆဲပါပဲ” လို့ ဆိုခဲ့တယ်။
ရီးယဲလ်မက်ဒရစ်အသင်းကိုပြောင်းရွှေ့တော့မယ်လို့ သတင်းထွက်နေတဲ့ ဟာလန်းနဲ့ ပတ်သက်ပြီး ဝက်ဇ်ကီက “ကျွန်တော်ကတော့ အဲဒီအပြောင်းအရွှေ့ဖြစ်လာမယ်လို့ မထင်ပါဘူး။ ဟာလန်းနဲ့ သူ့အေးဂျင့်(ရိုင်အိုလာ)အနေနဲ့ ကျွန်တော်တို့လက်ထဲမှာ ဘာတွေရှိတယ်ဆိုတာ သိထားပြီးသားပါ။ ဟာလန်းကိုအကြံပေးနိုင်တာကတော့ လီဝန်ဒေါစကီးကို အတုယူဖို့ပါပဲ။ လီဝန်ဟာ ကမ္ဘာ့အဆင့် ကစားသမားတစ်ယောက်ဖြစ်ဖို့အတွက် ဒေါ့မွန်အသင်းမှာ အချိန်ယူပြင်ဆင်ခဲ့ပါတယ်” လို့ Kicker မဂ္ဂဇင်းကို ပြောဆိုခဲ့ပါတယ်။
နော်ဝေတိုက်စစ်မှူး ဟာလန်း(၂၀နှစ်)ဟာ ဒီရာသီမှာ ဒေါ့မွန်အသင်းအတွက် ပြိုင်ပွဲစုံ ၁၅ပွဲကစားကာ ၁၇ဂိုးသွင်းယူပေးထားပါတယ်။
Ref: Sky Sports
Leave a Reply