
စပါးအသင်းနည်းပြ မော်ရင်ညိုက Carabao ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဒီညမှာကစားမယ့် ဘရန့်ဖို့ဒ်အသင်းနဲ့ ပွဲစဉ်ဟာ သူ့ရဲ့စပါးနည်းပြဘဝတစ်လျှောက်မှာ အကြီးကျယ်ဆုံးပွဲဖြစ်တယ်လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။
မော်ရင်ညိုဟာ အင်္ဂလန်ဘောလုံးသမိုင်းမှာ လိဂ်ဖလား(ယခု Carabao Cup)ကို ၄ ကြိမ်ရယူထားနိုင်တဲ့ နည်းပြ ၃ဦးသာရှိတဲ့အနက် တစ်ဦး အပါအဝင်ဖြစ်ပါတယ်။ ဘရီယန်ကလောက်ချ်၊ ဆာအဲလက်စ်ဖာဂူဆန်တို့နဲ့အတူ မှတ်တမ်းဝင်ထားတဲ့ မော်ရင်ညိုဟာ လိဂ်ဖလားကို ချယ်လ်ဆီးအသင်းနဲ့ ၃ကြိမ်၊ မန်ယူအသင်းနဲ့ ၁ ကြိမ် ရရှိခဲ့တာပါ။
စပါးအသင်းဟာ ဆုဖလားနဲ့ ၁၃နှစ်ကြာ ဝေးကွာနေတာကြောင့် Carabao ဖလားပြိုင်ပွဲဟာလည်း အသင်းရဲ့စိတ်ဓာတ်ပိုင်းအတွက် အောင်မြင်မှုရယူနိုင်ဖို့ အရေးကြီးတယ်လို့ မော်ရင်ညိုက ယုံကြည်နေပါတယ်။
မော်ရင်ညိုက “ဒီပွဲက ကျွန်တော် စပါးအသင်းကိုရောက်လာချိန်ကတည်းကစပြီး အကြီးကျယ်ဆုံးပွဲလားလို့ မေးရင် Yes လို့ ဖြေရမှာပါ။ အဲဒီလိုပဲ ကျွန်တော် ထင်ပါတယ်။ ဆုတံဆိပ် တစ်ခုရဖို့အတွက် နှစ်ပေါင်းများစွာ ကြိုးစားနေရတဲ့အသင်းအတွက် ဒါက အရေးကြီးပါတယ်။
ကျွန်တော်တို့မှာ အမြဲတမ်းအရေးကြီးတဲ့ ပွဲစဉ်တွေရှိပါတယ်။ ပြီးခဲ့တဲ့ရာသီပိတ်မှာ ဒီရာသီယူရိုပါလိဂ်ဝင်ခွင့် အဆုံးအဖြတ်အနေနဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ ကစားခဲ့ရတယ်။ အခုနောက်ဆုံး ကစားခဲ့တဲ့ လိဒ်စ်နဲ့ပွဲစဉ်ဟာလည်း ကျွန်တော်တို့အတွက် အရေးကြီးခဲ့ပါတယ်။
ရလဒ်ဆိုးတွေကနေ နိုင်ပွဲပြန်ရခဲ့လို့ အသင်းရဲ့စိတ်ဓာတ်ပိုင်းကို အများကြီးအထောက်အကူပြုခဲ့ပါတယ်။ ဘယ်ပြိုင်ပွဲမှာမဆို ဆီမီးဖိုင်နယ်ပွဲစဉ်တိုင်းဟာ အမြဲတမ်း အရေးကြီးတဲ့ပွဲတွေဖြစ်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ အဲဒီပွဲထက်ပိုအရေးကြီးတာတော့ ဖိုင်နယ်ပဲရှိပါတယ်” လို့ ဆိုခဲ့တယ်။
မော်ရင်ညိုဟာ နည်းပြဘဝတစ်လျှောက် လိဂ်ဖလားဆီမီးဖိုင်နယ်နဲ့ဗိုလ်လုပွဲတွေမှာ တစ်ခါမှ ရှုံးပွဲမကြုံခဲ့ပါဘူး။ စပါးအသင်းဟာ ဒီညမှာ အိမ်ကွင်းပွဲစဉ်အဖြစ် ဘရန့်ဖို့ဒ်အသင်းကို ဧည့်ခံ ကစားရမှာဖြစ်ပါတယ်။
Ref: The Guardian
Leave a Reply