
ကွင်းလယ်ကစားသမား ပေါ့လ်ဘာက အသင်းနဲ့နောက်ထပ် စာချုပ်သက်တမ်းမတိုးတော့ဘူးလို့ သိလိုက်ရတာကြောင့် ကလပ်က သူ့ကို လာမယ့် နွေရာသီစျေးကွက်မှာ ရောင်းထုတ်ရတော့မှာဖြစ်ပါတယ်။
ပေါ့လ်ဘာဟာ မန်ယူအသင်းကို ပေါင် ၈၉ သန်းနဲ့ ရောက်လာခဲ့ပြီး အသင်းနဲ့အတူ အကောင်းဆုံးပုံစံနဲ့ ပွဲထွက်ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့လက သူ့ရဲ့အေးဂျင့်ဖြစ်တဲ့ ရွိုင်းလ်အိုလာက မန်ယူနဲ့ ပေါ့လ်ဘာတို့ ဇာတ်လမ်းက ပြီးဆုံးသွားပြီလို့ ထုတ်ပြောခဲ့ပါတယ်။
Daily Mirror သတင်းအရ မန်ယူအသင်းနဲ့ အတူအကောင်းဆုံး နိုင်ပွဲတွေ ဆက်တိုက်ရယူနိုင်ခဲ့ပြီး ဇယားထိပ် လီဗာပူးအသင်းနဲ့ရမှတ်တူ အဆင့် ၂ နေရာအထိ စွမ်းဆောင်ခဲ့ပေမယ့်လည်း နည်းပြဆိုးလ်ရှားနဲ့ ကလပ်အသင်းက ရာသီအကုန်မှာ သူ့ကိုရောင်းထုတ်မယ်လို့ ဆိုထားပါတယ်။
“မန်ယူအသင်းက ဆုဖလားတွေကို အမြဲတမ်းအနိုင်ယူချင်နေတာပါ။ ကျွန်တော်တို့ ဆုဖလား များများရလေလေ ကျွန်တော်တို့ အသင်းမှာ ကစားချင်တဲ့သူများလေလေပါပဲ။ အဲ့ဒီနောက် သူတို့ကိုယ်တိုင်လည်း အဆင့်မြင့်တဲ့ကစားသမားအဖြစ် တွေ့မြင်လာပါလိမ့်မယ်”လို့ ဆိုးလ်ရှားက ESPN ကို ပြောခဲ့ပါတယ်။
ဆက်လက်ပြီး “ကျွန်တော်တို့ ကစားသမားတွေကို ဖြစ်စေချင်တာကတော့ သူတို့တွေ ကောင်းသထက်ကောင်းလာပြီး တိုးတက်ရပါမယ်။”
“ပေါလ် ဒီကိုရောက်နေတာ နည်းနည်းကြာပါပြီ။ သူ ဆုဖလားတွေ ရယူချင်နေပါတယ်။ လေ့ကျင့်ရေးကွင်းနဲ့ ကစားကွင်းထဲမှာ သူ့ရဲ့ အပြုအမူတွေက အရမ်းကို ကောင်းမွန်ပါတယ်။ သူ ဘောလုံးကို မြတ်နိုးတယ်။ သူမှာ ရည်မှန်းချက်ကြီးကြီးရှိတယ်။ အောင်မြင်မှုရချင်တယ်။ အသင်းမှာရှိတဲ့ တခြားကစားသမားတွေလိုပေါ့။ ကျွန်တော်တို့ အားလုံးမတူကြပါဘူး”လို့ ပြောသွားပါတယ်။
ပေါ့လ်ဘာကို ရီးရဲလ်မက်ဒရစ်နဲ့ PSG အသင်းတို့က စိတ်ဝင်စားနေပြီး တချို့သတင်းတွေအရတော့ ဂျူဗင်တပ်က ဒိုင်ဘားလား ဒါမှမဟုတ် ရော်နယ်ဒိုနဲ့ အလဲအထပ်လုပ်သွားနိုင်တယ်လို့လည်း ဆိုထားပါတယ်။
Ref: dailymail
Leave a Reply