ဒီရာသီ ပထမဆုံး လိဂ် ၃ပွဲဆက်အနိုင်ရပြီးနောက် ဖိအားတွေအောက်က ရုန်းထွက်နိုင်ခဲ့ပြီလို့ အာတီတာ ကြုံးဝါး

အာဆင်နယ်အသင်းနည်းပြ အာတီတာက ဒီရာသီမှာ ပထမဆုံး လိဂ် ၃ပွဲဆက်အနိုင်ရခဲ့ပြီးနောက် သူတို့အသင်းအနေနဲ့ ဖိအားတွေအောက်က ရုန်းထွက်နိုင်ခဲ့ပြီလို့ ကြုံးဝါးပြောဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်မှာ ဝက်စ်ဘရွန်းအသင်းကို (၀-၄)ဂိုးနဲ့ အဝေးကွင်းမှာ ဂိုးပြတ်နိုင်ပွဲရယူခဲ့ပါတယ်။ ဒါဟာ အာဆင်နယ်အသင်းအတွက် ဒီရာသီပရီးမီးယားလိဂ်မှာ ပထမဆုံး ၃ပွဲဆက် အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ၃ပွဲမှာ ချယ်လ်ဆီး၊ ဘရိုက်တန်နဲ့ ဝက်စ်ဘရွန်းတို့ကို ဆက်တိုက်အနိုင်ရခဲ့တာပါ။ ဒီ ၃ပွဲ မတိုင်မီ အာဆင်နယ်အသင်းဟာ လိဂ် ၇ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၁၅နေရာအထိကျဆင်းခဲ့လို့ ဖိအားတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။

နည်းပြ အာတီတာက လက်ရှိအချိန်မှာ သူတို့အသင်းအနေနဲ့ ဒီဖိအားတွေကနေ ရုန်းထွက်နိုင်ခဲ့ပြီလို့ ဝက်စ်ဘရွန်းနဲ့ပွဲအပြီးမှာ ကြုံးဝါး ပြောဆိုခဲ့ပါတယ်။

အာတီတာက “ကျွန်တော် ဒီလိုဖြစ်လာဖို့ မျှော်လင့်ခဲ့တာပါ။ ဒီအခြေအနေပြန်ရဖို့ ကျွန်တော်တို့အားလုံး အစွမ်းကုန်ကြိုးစားခဲ့ကြပါတယ်။ လက်ရှိအချိန်မှာတော့ အသင်းရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီး လုံးဝစိုးရိမ်စိတ်မရှိတော့ပါဘူး။ ကျွန်တော်တို့ ရှုံးပွဲတွေကြုံတွေ့တုန်းက ကံတရားက ကိုယ့်ဘက်မရှိခဲ့သလို ကိုယ့်ဘာသာပြုလုပ်မိတာအမှားတွေကြောင့်လည်း ရလဒ်ဆိုးခဲ့တာ လို့ထင်ပါတယ်။

“အခုအချိန်မှာဆိုရင်တော့ ကျွန်တော်တို့ ဖိအားတွေအောက်က ရုန်းထွက်နိုင်ခဲ့ပါပြီ။ ကစားသမားတွေအနေနဲ့လည်း စိတ်လွတ်ကိုယ်လွတ်၊ ဖိအားကင်းကင်းနဲ့ ကစားနိုင်တော့မှာဖြစ်ပါတယ်” လို့ ဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ နောက်ဆုံး ၃ပွဲကို ၈ရက်အတွင်းကစားခဲ့ရတာဖြစ်ပြီး ရာနှုန်းပြည့် နိုင်ပွဲရခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ၃ပွဲဆက်အနိုင်ရပြီးနောက် အမှတ်ပေးဇယား အဆင့် ၁၁ နေရာ အထိ တက်လှမ်းလာခဲ့ပါတယ်။

Ref: Goal. Com

Be the first to comment

Leave a Reply

Your email address will not be published.


*