စပါးအသင်းအတွက် သွင်းဂိုး ၁၀၀ ပြည့်မှာ ကိန်းအတွက် စိတ်မကောင်းဖြစ်မိတယ်လို့ ဆွန်ဟောင်မင် ပြောကြား

စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်ဟာ စပါးအတွက် သူ့ရဲ့ သွင်းဂိုး ၁၀၀ ပြည့်အပြီးမှာ ကစားဖော် ဟယ်ရီကိန်းကို ဂိုးဖန်တီးမှုတွေ ပြန်မလုပ်ပေးနိုင်တဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်လို့ ဆိုလိုက်ပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းနဲ့ ဆွန်ဟောင်မင်ဟာ ပရီးမီးယားလိဂ်မှာ အရမ်းတွဲဖက်ညီတဲ့ တိုက်စစ်အတွဲ ဖြစ်လာခဲ့ပါတယ်။ လိဂ်ကို (၃-၀)ဂိုးနဲ့ အနိုင်ရတဲ့ပွဲစဥ်မှာ ကိန်းက ဖန်တီးပေးလိုက်ပြီး ဆွန်က သူ့ရဲ့ စပါးအတွက် ဂိုး ၁၀၀ ပြည့်ကို လှလှပပ သွင်းယူသွားခဲ့ပါတယ်။

ဒီရာသီမှာ သူတို့နှစ်ယောက်အတွဲကနေ ဂိုးရရှိခဲ့တာ ၁၃ ကြိမ်မြောက်ဖြစ်ပါတယ်။ ဒါဟာ တစ်ရာသီတည်း နှစ်ယောက်တွဲကနေ ဂိုးရတဲ့ အလန်ရှီးယားနဲ့ ခရစ္စဆိုတွန်တို့ရဲ့ အရေအတွက်တူညီသွားပေမယ့် ကိန်းနဲ့ဆွန်တို့ဟာ ပရီးမီးယားလိဂ်ပွဲစဥ် ၂၂ ပွဲ ကစားဖို့ ကျန်နေသေးပါတယ်။

ဆွန်ဟောင်မင်က “ကျွန်တော်အရမ်းကို ပျော်ရွှင်ပါတယ်။ ပြီးတော့ ကျွန်တော့်အတွက် အမြဲတမ်းပံ့ပိုးပေးတဲ့ အသင်းဖော်တွေကိုလည်း ကျေးဇူးတင်ပါတယ်”လို့ ပြောသွားပါတယ်။

“ဒါက ကျွန်တော့်တစ်ယောက်တည်းကနေ ဖြစ်လာတာမဟုတ်ပါဘူး။ အကူအညီ အများကြီးလိုအပ်ပါတယ်။ အသင်းတစ်သင်းနဲ့ ဂိုး ၁၀၀ သွင်းဖို့ဆိုတာ ကျွန်တော့်အတွက်တော့ ကြီးကျယ်အရာပါပဲ။ ကျွန်တော်အရမ်း ဂုဏ်ယူမိပါတယ်” လို့ ပြောသွားပါတယ်။

ကိန်းဟာ ဒီပွဲစဥ်ရဲ့ အဖွင့်ဂိုးကို ပင်နယ်တီကနေ သွင်းယူနိုင်ခဲ့ပြီး သူ့ရဲ့ ဒီရာသီ ပရီးမီးယားလိဂ် ၁၂ ဂိုးမြောက်လဲ ဖြစ်ပါတယ်။

ကိန်းနဲ့ပတ်သက်ပြီး “ကျွန်တော်တို့ တွဲကစားလာတာ ၆ နှစ် ရှိပါပြီ။ ကျွန်တော်တို့ အချိန်ကြာကြာ ကြိုးစားခဲ့ရတယ်။ သူ့အတွက် ဂိုးမဖန်တီးပေးနိုင်တာကြောင့် အနည်းငယ်တော့ ဝမ်းနည်းမိပါတယ်” လို့ ဆွန်က ပြောသွားပါတယ်။

စပါးအသင်းဟာ လိဂ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ကစားခဲ့တာကြောင့် ပရီးမီးယားလိဂ် ဇယားထိပ် အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး လာမယ့် ၆ ရက်နေ့မှာ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်အဖြစ် ဘရန်းဖို့ဒ်နဲ့ တွေ့ဆုံရမှာဖြစ်ပါတယ်။

Ref: dailymail

Be the first to comment

Leave a Reply

Your email address will not be published.


*