ကိုဗစ်ကြောင့် ကစားသမားတွေလျော့နည်းနေပေမယ့် ချဲလ်ဆီးကို ရင်ဆိုင်နိုင်မယ်လို့ ဂွါဒီယိုလာ ယုံကြည်နေ

မန်းစီးတီးနည်းပြ ဂွါဒီယိုလာက သူ့ကစားသမားတွေ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရပေမယ့်လည်း ချဲလ်ဆီးနဲ့ ကစားရမယ့်ပွဲစဥ်မှာ အပြည့်အဝယှဥ်ပြိုင်နိုင်မယ်လို့ ယုံကြည်ကြောင်း ပြောသွားပါတယ်။

ကိုဗစ် ၁၉ စစ်ဆေးမှုမှာ positive ထွက်ခဲ့တာကြောင့် ကစားသမား ၅ ယောက်မပါဝင်ဘဲ တနင်္ဂနွေည ချဲလ်ဆီးကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပါတယ်။

ကိုင်းဝေါ်လ်ကာနဲ့ ဂါဘရီရယ်ဂျီးဆပ်စ်တို့ဟာ ပြီးခဲ့တဲ့ ခရစ္စမတ်မှာ အသင်းဝန်ထမ်း ၂ ဦးနဲ့အတူ ကိုဗစ် ၁၉ ကူးစက်ခံခဲ့ရပါတယ်။ အဲဗာတန်နဲ့ပွဲမကစားခင်မှာ နောက်ထပ် ကစားသမား ၃ ဦးလည်း ကူးစက်တဲ့ အဖြေထွက်ခဲ့လို့ ပွဲရွှေ့ဆိုင်း ခဲ့ရပါတယ်။

ကူးစက်ခံရတဲ့ နောက်ထပ် ၃ ယောက်ဘယ်သူလဲဆိုတာတော့ မသိရသေးပေမယ့် ချဲလ်ဆီးနဲ့ပွဲစဥ်ကို အကယ်ဒမီထွက် ကစားသမားတွေနဲ့ သွားရောက်ကစားရမှာ သေချာနေလို့ ဂွါဒီယိုလာအတွက် ထိုးနှက်ချက် တစ်ခုပါပဲ။

ဒါပေမယ့်လည်း နည်းပြဂွါဒီယိုလာဟာ သူမှာရှိတဲ့သူတွေနဲ့ ခြေစွမ်းကောင်းတွေ ပြနိုင်မယ်လို့ မျှော်လင့်နေပါတယ်။

ဂွါဒီယိုလာက “ကျွန်တော်တို့မှာ အဲ့ကိုသွားဖို့ လုံလောက်တဲ့ ကစားသမားကောင်းတွေရှိပြီး ချဲလ်ဆီးကို သေချာပေါက် ရင်ဆိုင်နိုင်မှာပါ။”

“ဒါကဘယ်လိုဖြစ်မလဲဆိုတာ ကျွန်တော်တို့သိတယ်။ ကျွန်တော်တို့ အဲ့ဆီကို စိတ်အားထက်သန်မှုနဲ့ ကောင်းတဲ့ စွမ်းဆောင်ရည်နဲ့ ရလဒ်တွေ ယူဆောင်နိုင်ဖို့ ဆန္ဒရှိပါတယ်”လို့ ပြောသွားပါတယ်။

မန်စီးတီးဟာ နောက်ဆုံး ပရီးမီးယားလိဂ် ၆ ပွဲဆက် မရှုံးအောင် စွမ်းဆောင်ထားနိုင်ပြီး ရာသီအစ အထနှေးခဲ့တာကြောင့် ဇယားထိပ်ပိုင်းနဲ့လည်း အလှန်းဝေးနေပါတယ်။

မန်စီးတီးဟာ အဲဗာတန်နဲ့ပွဲ ရွှေ့ဆိုင်းခဲ့ရတာကြောင့် ၂ ပွဲကစားဖို့ကျန်ရှိနေပြီး အနိုင်ကစားထားနိုင်မှ ဇယားထိပ်ပိုင်းကို ပြန်ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။

Ref: dailymail

Be the first to comment

Leave a Reply

Your email address will not be published.


*