ကစားကွက်ပြောင်းလဲခဲ့တာကြောင့် နိုင်ပွဲတွေ ပြန်လည်ရရှိခဲ့တာဖြစ်တယ်လို့ လာကာဇက် သုံးသပ်

အာဆင်နယ်အသင်းတိုက်စစ်ကစားသမား လာကာဇက်က နည်းပြအာတီတာအနေနဲ့ လိဂ်နောက်ဆုံးပွဲစဉ် ၂ပွဲ မှာ ကစားကွက်ပြောင်းလဲခဲ့တာကြောင့် နိုင်ပွဲတွေ ဖန်တီးနိုင်ခဲ့တာဖြစ်တယ်လို့သုံးသပ်ပြောဆိုခဲ့ပါတယ်။

အာတီတာဟာ ပွဲစဉ်အများစုကို ၄-၃-၃ ပုံစံနဲ့သာ ခင်းကျင်းခဲ့ပြီး တိုက်စစ်မှူးစစ်စစ်မရှိတဲ့ ကစားကွက်ဖြစ်လို့ အခက်တွေ့ခဲ့တယ်လို့ လာကာဇက်က ဆိုပါတယ်။

အာဆင်နယ်အသင်းဟာ ဒီကစားကွက်ပုံစံ ခင်းကျင်းခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ အိမ်ကွင်း ၄ပွဲဆက် ရှုံးပွဲ ကြုံခဲ့သလို open play ကနေ ဂိုးမသွင်းနိုင်တာကလည်း ၁၃ နာရီအထိကြာခဲ့တယ်။

အာတီတာဟာ နောက်ဆုံး ၂ပွဲဖြစ်တဲ့ ချယ်လ်ဆီးနဲ့ ဘရိုက်တန်တို့ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်တွေမှာ ၄-၂-၃-၁ ပုံစံကိုပြောင်းလဲအသုံးပြုခဲ့ပါတယ်။

လာကာဇက်က “နည်းပြက ကျွန်တော့်ကို No.9 အဖြစ် ထားကစားခဲ့ပါတယ်။ ဒါပေမဲ့ အသင်းဖော်တွေနဲ့ ပိုတွဲကစားရတာပဲရှိပါတယ်။ အဲဒါက No.10 နေရာလည်းမဟုတ်သလို ဂိုးသွင်းဖို့အတွက် ရှေ့ထွက်နေရတဲ့ No.9 နေရာလည်း မဟုတ်ပြန်ဘူး။ အခုပြောင်းလဲလိုက်တဲ့ ကစားကွက်ကတော့ တိုက်စစ်အတွက် ၄ ယောက်ဖြစ်သွားသလို ကွင်းလယ်အတွက်လည်း ၃ယောက်ဖြစ်သွားပါတယ်။

ဒါကြောင့် ကစားရ ပိုလွယ်ကူသွားတယ်။ အရင်ကစားပုံက တိုက်စစ်ဆင်မယ့် ကစားသမား မရှိသလောက် ဖြစ်ခဲ့တယ်။ အခုကတော့ ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့နည်းစနစ်အပြောင်းအလဲဖြစ်သွားပြီး နိုင်ပွဲတွေ ရယူနိုင်ခဲ့တယ်” လို့ RMC သတင်းဌာနကိုပြောခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ တနင်္ဂနွေနေ့မနက်မှာ ကစားပုံမာကျောတဲ့ ဝက်စ်ဘရွန်းအသင်းကို အဝေးကွင်းပွဲစဉ် သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ၃ပွဲ ဆက်နိုင်ပွဲယူနိုင်မလား စောင့်ကြည့်ရမှာပါ။

Ref: Daily Mail

Be the first to comment

Leave a Reply

Your email address will not be published.


*