
ဘာစီလိုနာအသင်းတိုက်စစ်မှူး မက်ဆီဟာ အမေရိကန်နိုင်ငံရဲ့ နာမည်ကျော် မိုင်ယာမီကမ်းခြေက Porsche Design Tower မှာ ပေါင် ၇.၂၅ သန်းတန် တိုက်ခန်းတစ်ခန်းကို ဝယ်ယူထားတယ်လို့ သိရပါတယ်။
ဒါဟာ ၁၈လ ကြာခဲ့ပြီ ဆိုပေမယ့် အခုအချိန်မှာတော့ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်တဲ့ မက်ဆီအနေနဲ့ အမေရိကကို ခြေဆန့်ဖို့ ကြိုတင်စီစဉ်ထားတာလားဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်။
အသက် ၃၃နှစ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ၆လ သာ ကျန်ရှိတော့တာဖြစ်ပြီး စပိန်ပြင်ပက ကလပ်တွေအနေနဲ့ လာမယ့်နွေရာသီမှာ သူ့ကိုအလွတ်ခေါ်ယူနိုင်ဖို့ အခုကတည်းက ကြိုတင်ဆွေးနွေးခွင့်ရှိနေတာပါ။
မက်ဆီဟာ မကြာသေးမီက အင်တာဗျူးတစ်ခုမှာ နောင်တစ်ချိန် မေဂျာလိဂ်မှာကစားဖို့ ဆန္ဒရှိတယ်လို့ ဖွင့်ဟခဲ့ဖူးတာကြောင့် သူ့ကိုစိတ်ဝင်စားနေတဲ့ အင်တာမိုင်ယာမီအသင်းအတွက် မီးစိမ်းပြလိုက်သလို ဖြစ်သွားပါတယ်။
ဒါ့အပြင် ဘက်ခမ်းပိုင်ဆိုင်တဲ့ အင်တာမိုင်ယာမီအသင်းရဲ့အိမ်ကွင်းကို မက်ဆီဝယ်ထားတဲ့ အခန်းကနေ ကားနဲ့သွားမယ်ဆိုရင် ၂၅မိနစ်သာ ကြာတာမို့ အင်တာမိုင်ယာမီဟာ မက်ဆီရဲ့ဦးစားပေးဖြစ်လာနိုင်ပါတယ်။ မိုင်ယာမီကမ်းခြေက Porsche Design Towerဟာ အဆင့်မြင့်နည်းပညာတွေနဲ့ဆောက်လုပ်ထားပြီး ကားတစ်စီးအတွက် သီးသန့် ဓာတ်လှေကားတစ်ခု ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။
မက်ဆီဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် ၁၉ရာသီမြောက် ပါဝင်ကစားနေတာဖြစ်ပြီး ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရတာကြောင့် နယ်မြေသစ်ရှာဖွေသွားတော့မလားဆိုတာ စိတ်ဝင် စားစရာဖြစ်နေပါတယ်။
Ref:Daily Mail
Leave a Reply