ဝါရင့်နောက်ခံလူ အီဗန်ကို ၂နှစ်သက်တမ်းတိုးခဲ့တဲ့ လက်စတာအသင်း

လက်စတာအသင်းဟာ မြောက်အိုင်ယာလန်ဝါရင့်နောက်ခံလူ ဂျွန်နီအီဗန်ကို ၂ နှစ် သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့တယ်လို့ အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။

အသက် ၃၂နှစ်ရှိပြီဖြစ်တဲ့ မန်ယူနောက်ခံလူဟောင်း အီဗန်ဟာ ဒီရာသီကုန်မှာ လက်စတာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး မန်ယူအသင်းကိုပြန်လည်ပြောင်းရွှေ့ဖွယ်ရှိတယ် လို့ သတင်းထွက်ခဲ့ပါသေးတယ်။

အီဗန်ဟာ မန်ယူအသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆု ၃ ကြိမ်ရရှိခဲ့သူဖြစ်ပြီး လက်စတာအသင်းမှာလည်း ခြေစွမ်းပြနေသူဖြစ်လို့ သက်တမ်းထပ်တိုးခဲ့တာပါ။ အခုလို စာချုပ်သက်တမ်းတိုးခဲ့တာကြောင့် အီဗန်ဟာ လက်စတာအသင်းမှာ ၂၀၂၂ – ၂၃ ရာသီ ကုန်အထိ ဆက်ရှိနေတော့မှာဖြစ်ပါတယ်။

အီဗန်ဟာ ၂၀၁၈ခုနှစ်မှာ ဝက်စ်ဘရွန်းအသင်းကနေ လက်စတာအသင်းဆီရောက်ရှိလာခဲ့တာဖြစ်ပြီး ပြိုင်ပွဲစုံ ၈၉ ပွဲ ကစားပေးထားပါတယ်။

ဒီရာသီမှာ အမှတ်ပေးဇယားအဆင့် ၃နေရာရပ်တည်နေတဲ့ လက်စတာအသင်းအတွက် အီဗန်ဟာ အားထားရတဲ့ ကစားသမားဖြစ်နေပြီး ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း ရှုံးထွက် ၃၂ သင်း အဆင့် တက်ရောက်နိုင်ဖို့ ခြေစွမ်းပြခဲ့ပါတယ်။

နည်းပြ ဘရန်ဒန်ရော်ဂျာစ်ဦးဆောင်တဲ့ လက်စတာအသင်းဟာ လာမယ့်တနင်္ဂနွေညမှာ ပရီးမီး ယားလိဂ်ပွဲစဉ်အဖြစ် နယူးကာဆယ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

Ref: Reuters

Be the first to comment

Leave a Reply

Your email address will not be published.


*