
အက်သလက်တီကို အသင်းတိုက်စစ်မှူး ဒီယေဂိုကော်စတာဟာ ပြီးခဲ့တဲ့အင်္ဂါနေ့က အသင်းနဲ့ နှစ်ဖက်သဘောတူ စာချုပ်ဖျက်သိမ်းခဲ့ပါတယ်။ စပိန်ဝါရင့်တိုက်စစ်မှူး ဒီယေဂိုကော်စတာ(၃၂နှစ်)ဟာ အက်သလက်တီကိုအသင်းမှာ တစ်ပတ်ပေါင် (၂၇၀,၀၀၀)အထိ ရရှိနေတာပါ။
သူ့ရဲ့စာချုပ်သက်တမ်းဟာ ၆လကျန်သေးပေမယ့် အသင်းငွေကုန်ကြေးကျသက်သာစေဖို့အတွက် အခုလို ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အသင်းကို ဆွာရက်ဇ်ရောက်ရှိလာခဲ့ပြီးနောက် ကော်စတာဟာ နည်းပြဆီမြွန်နီရဲ့ ဦးစားပေးစာရင်းမှာ မပါဝင်တော့ဘဲ လူစားဝင်အဖြစ်သာ ကစားနေရပါတယ်။
စာချုပ်ဖျက်သိမ်းပေးခဲ့ပြီးနောက် ကော်စတာက “ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ဒီကိုရောက်ခဲ့တာဟာ ကျွန်တော့်အတွက်ရော၊ အသင်းအတွက်ပါ အကောင်းဆုံးအရာတွေ ဖြစ်လာခဲ့တယ်လို့ ထင်ပါတယ်။ အခုအချိန်ကတော့ နှစ်ဖက်စလုံးအတွက် အကောင်းဆုံးဖြစ်စေမယ့် အခိုက်အတန့်ပါ။ အသင်းကိုကူညီနိုင်ဖို့အကောင်းဆုံးနည်းလမ်းလို့လည်း ဆိုနိုင်ပါတယ်။ ဒီအသင်းအတွက် ကျွန်တော် အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ပါတယ်”ဆိုတဲ့ စာသားပါဝင်တဲ့ နှုတ်ဆက်စာကို ရေးသားခဲ့ပါတယ်။
ကော်စတာက အသင်းဖော်တွေ၊ နည်းပြအဖွဲ့ဝင်တွေနဲ့ သူဒဏ်ရာရချိန်မှာ ပြုစုစောင့်ရှောက်ပေးခဲ့တဲ့ ဆေးအဖွဲ့ကိုလည်း ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။ လာမယ့်ဇန်နဝါရီမှာ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူနိုင်မယ့် ကော်စတာကို ပရီးမီးယားလိဂ် ကလပ်တွေဖြစ်တဲ့ အာဆင်နယ်နဲ့ ဝုလ်ဗ်တို့က စိတ်ဝင်စားနေကြပါတယ်။
Ref: Daily Mail
Leave a Reply