
ရုရှားကလပ် ဇင်းနစ်အသင်းနောက်ခံလူ လိုဗရန်ဟာ အင်္ဂါနေ့က ခရိုအေးရှားနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ငလျင်ကြောင့် အိုးအိမ်ပျက်စီးဆုံးရှုံးသွားတဲ့ အိမ်ထောင်စု ၁၆စုကို သူ့ဟိုတယ်မှာ လာရောက်နေထိုင်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။
ခရိုအေးရှားနိုင်ငံရဲ့ မြို့တော် ဇာဂရက်မြို့အရှေ့တောင်ဘက်မှာရှိတဲ့ ပီထရင်ဂျာမြို့မှာ အင်အား ၆.၃ ရှိတဲ့ ငလျင်တစ်ခု လှုပ်ခဲ့တာကြောင့် မိန်းကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး လူ ၂၀ဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒီသတင်းကြားခဲ့ရပြီးနောက် လိုဗရန်ဟာ ငလျင်ဒဏ်ခံခဲ့ရတဲ့ အိမ်ထောင်စု ၁၆စု အတွက် နိုဗယ်ဂျာမြို့မှာရှိတဲ့ သူ့ဟိုတယ်မှာ ယာယီနေထိုင်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။
လိုဗရန်က “ချစ်ခင်ရတဲ့ ပီထရင်ဂျာမြို့သားတို့ရေ နိုဗယ်ဂျာမှာရှိတဲ့ ကျွန်တော့်ဟိုတယ်မှာ ငလျင်ဒဏ်ခံစားခဲ့ရတဲ့ အိမ်ထောင်စု ၁၆စု အတွက် လာရောက်တည်းခိုဖို့ အခန်းတွေရှိပါတယ်။ အဲဒါကြောင့်မို့ ယာယီတည်းခိုဖို့ ဆန္ဒရှိမယ်ဆိုရင် ကျွန်တော့်ဟိုတယ်ဝက်ဘ်ဆိုက်နဲ့ ကျွန်တော့် Whatsapp အကောင့် ကိုဆက်သွယ်ပေးပါ။ မိသားစုနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ပေးပို့ကြပါ” လို့ အင်စတာ ဂရမ်ကနေ ကမ်းလှမ်းရေးသားခဲ့ပါတယ်။
ခရိုအေးရှားဝါရင့်နောက်ခံလူ လိုဗရန်ဟာ လီဗာပူးလ်အသင်းမှာလည်း ပါဝင်ကစားခဲ့သူ ဖြစ်ပြီး လက်ရှိမှာတော့ ရုရှားထိပ်သီးကလပ် ဇင်းနစ်အသင်းမှာ ကစားနေပါတယ်။ ပီဒရင်ဂျာမြို့မှာ ပြီးခဲ့တဲ့ တနင်္လာနေ့ကလည်း အင်အား ၅.၂ ရှိတဲ့ ငလျင်တစ်ခုလှုပ်ခဲ့ပါသေးတယ်။
အင်္ဂါနေ့က ထပ်လှုပ်ခဲ့တဲ့ ငလျင်ကြောင့် အသက် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၂၀ဦးအနက် ၂ဦးမှာ စိုးရိမ်ရကြောင်း ဒေသတွင်းမီဒီယာတွေက ဖော်ပြကြခဲ့ကြပါတယ်။ လိုဗရန်ရဲ့ဟိုတယ်ဟာ နိုဗယ်ဂျာမြို့အနီးက Pag ကျွန်းမှာ တည်ရှိနေတာဖြစ်ပြီး သဘာဝအလှတွေနဲ့ ပြည့်နှက်နေတဲ့ ဟိုတယ်ဖြစ်တယ်လို့ လိုဗရန်က ၂၀၁၈ခုနှစ်မှာ ပြောခဲ့ဖူးပါတယ်။
Ref: Daily Mail
Leave a Reply