
တနင်္ဂနွေညက ကစားခဲ့တဲ့ လီဗာပူးနဲ့ ဝက်စ်ဘရွန်းပွဲစဥ်မှာ သရေကျသွားခဲ့တာကြောင့် နည်းပြကလော့ပ်က ညည်းတွားခဲ့ပါတယ်။ လီဗာပူးအသင်းဟာ ဒီရာသီ အိမ်ကွင်းမှာ ပထမဦး သရေပွဲကြုံခဲ့ရတာလည်း ဖြစ်ပါတယ်။
လီဗာပူးဟာ ၂၀၂၀ ရာသီ ဘန်လေနဲ့ သရေကျခဲ့ပြီးနောက်ပိုင်း အိမ်ကွင်းပွဲစဥ်တွေကို ပွဲတိုင်းအနိုင်ရထားပေမယ့် ဆမ်အလာဒိုက်ဦးဆောင်တဲ့ ဝက်စ်ဘရွန်းအသင်းကိုတော့ (၁-၁)သရေကျသွားခဲ့ပါတယ်။ လီဗာပူးအတွက် ဦးဆောင်ဂိုးကို ဆာဒီယိုမာနေးက သွင်းယူပေးခဲ့ပြီး ပွဲချိန် ၈၀ ကျော်မှာ ဝက်စ်ဘရွန်းက ထောင့်ကန်ဘောကမှ တစ်ဆင့် ချေပဂိုးသွင်းယူသွားနိုင်ခဲ့ပါတယ်။
ဒီရလဒ်အတွက် ကလော့ပ်က အကြောင်းပြချက်ပေးသွားမှာ မဟုတ်ဘူးလို့ပြောသွားပါတယ်။ ကလော့ပ်က “ရှုံးတယ်လို့ခံစားရပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ အရင်တစ်ပတ်ကနဲ့ နှိုင်းယှဥ်ရင် အမှတ်ပိုများလာလို့ လုံးဝအဆင်ပြေပါတယ်”လို့ပြောသွားပါတယ်။ အဲ့ဒီပွဲစဥ်မှာ လီဗာပူးနောက်ခံလူ ဂျိုးမာတစ်က ပေါင်ခြံ ဒဏ်ရာ ရသွားခဲ့တာကြောင့် လာမယ့်နယူးကာဆယ်နဲ့ပွဲစဥ်ကို ပါဝင်ကစားနိုင်မှာ မဟုတ်ပါဘူး။
“ဝက်စ်ဘရွန်းက သူတို့ရမှတ်အတွက် ထိုက်တန်ပါတယ်။ ပထမပိုင်းကတော့ တော်တော်ထူးဆန်းနေတယ်။ ကျွန်တော်အရင်က မြင်ဖူးလားဆိုတာတောင် မသေချာပါဘူး။”
“သူတို့ရဲ့နောက်တန်းမှာ ၆ ယောက်ဖြစ်သွားတဲ့အချိန် ကျွန်တော်တို့အတွက် တကယ့်ကို စိန်ခေါ်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒါကျွန်တော်တို့ရဲ့ အမှားပါပဲ။ ဒါကို ကျွန်တော်တို့ လက်ခံရမှာပါ။ ကောင်လေးတွေလည်း တခြားသူတွေထက် သူတို့ကိုယ်သူတို့ ဒေါသထွက်နေကြပါတယ်။”လို့ ပြောသွားပါတယ်။
ဝက်စ်ဘရွန်းအသင်းဟာ တန်းဆင်းဇုန်ထဲရုန်းကန်နေတာကြောင့် နည်းပြဟောင်း ဘီလစ်ကို ထုတ်ပယ်လိုက်ပြီး ဆမ်အလာဒိုက်ကို ခန့်အပ်လိုက်တာဖြစ်ပါတယ်။ ဆမ်အလာဒိုက်ဟာ ဝက်စ်ဘရွန်းကို စတင်ကိုင်တွယ်တဲ့ ပထမဆုံးပွဲစဥ်မှာ အသင်းအတွက် ၁ မှတ် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
Ref: dailymail
Leave a Reply