
မနေ့ညက ဒူဘိုင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ 2020 Globe Soccer Award ဆုပေးပွဲမှာ အကောင်းဆုံး ကစားသမားဆုတွေကို လီဝန်ဒေါစကီးနဲ့ စီရော်နယ်လ်ဒိုတို့က ရရှိခဲ့ပါတယ်။
ဒူဘိုင်းအားကစားကောင်စီကကြီးမှူးကျင်းပတဲ့ ဒီဆုပေးပွဲဟာ နှစ်အလိုက် အကောင်းဆုံးကစားသမားဆု၊ အကောင်းဆုံးနည်းပြဆု၊ အကောင်းဆုံးအသင်းဆုနဲ့ အကောင်းဆုံးကစားသမားအေးဂျင့်ဆုတို့ကိုသာ အဓိကရွေးချယ်ချီးမြှင့်လေ့ရှိတာပါ။
ဒီဆုပေးပွဲကို ကမ္ဘာ့အမြင့်ဆုံးတာဝါဖြစ်တဲ့ ဘာ့ဂျ်ခါလီဖာမှာ ကျင်းပခဲ့တာဖြစ်ပြီး ၂၀၂၀ခုနှစ် အတွက် အကောင်းဆုံးကစားသမားဆုကို ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူး လီဝန်ဒေါစကီးက ဆွတ်ခူးခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒိုကတော့ ဂုဏ်ပြုဆုအနေနဲ့ပေးအပ်တဲ့ ရာစုနှစ်အတွက် အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။ စီရော်နယ်လ်ဒိုဟာ ၂၀၁၀ခုနှစ်က စတင်ကျင်းပခဲ့တဲ့ ဒီဆုပေးပွဲမှာ အကောင်းဆုံးကစားသမားဆုကို ၆ ကြိမ်အထိ ရရှိထားသူဖြစ်ပါတယ်။
ရာစုနှစ်အတွက် အကောင်းဆုံးကစားသမားဆုကတော့ ၂၀၁၂ ခုနှစ်မှာ တစ်ကြိမ်သာ ချီးမြှင့်ခဲ့ဖူး ကွယ်လွန်သွားပြီဖြစ်တဲ့ အာဂျင်တီးနားဂန္ထဝင် မာရာဒိုနာက ရရှိခဲ့ပါတယ်။
ဒီဆုပေးပွဲမှာ အကောင်းဆုံးနည်းပြဆုကို ဘိုင်ယန်မြူးနစ်နည်းပြ ဟန်းဖလစ်ခ်၊ အကောင်းဆုံးအသင်းဆုကို ဘိုင်ယန်မြူးနစ်အသင်း၊ အကောင်းဆုံးကစားသမားအေးဂျင့်ဆုကို ဂျော့ချ်မန်ဒက်စ်၊ ရာစုနှစ်အတွက် အကောင်းဆုံးအသင်းဆုကို ရီးယဲလ်မက်ဒရစ်၊ ရာစုနှစ်အတွက် အကောင်းဆုံးနည်းပြဆုကို ဂွါဒီယိုလာတို့က ရရှိခဲ့ပါတယ်။
Ref: khaleejtimes
Leave a Reply