ဘောက်ဆင်းဒေးရှုံးပွဲအပြီး ချဲလ်ဆီး ကစားသမားတွေကို ဒေါသထွက်ခဲ့တဲ့ ဖရန့်လမ်းပတ်

အခုတလော ပွဲဆက်ရုန်းကန်နေရတဲ့ အာဆင်နယ်အသင်းကို (၃-၁)ဂိုးနဲ့ ရှုံးနိမ့်အပြီး ချဲလ်ဆီးနည်းပြ ဖရန့်လမ်းပတ်က အသင်းရဲ့ကြယ်ပွင့်ကစားသမားတွေကို အပျင်းကြီးတဲ့ သူတွေလို့ ဝေဖန်သွားခဲ့ပါတယ်။

အဆင့် ၁၅ မှာ ရုန်းကန်နေရတဲ့ အာဆင်နယ်အသင်းနဲ့ ကစားတဲ့ပွဲစဥ်မှာ ချဲလ်ဆီးတို့အနိုင်ရခဲ့ရင် ဇယားထိပ် အဆင့်၃ ကို တက်လှမ်းသွားမှာဖြစ်ပေမယ့် ပွဲချိန် ၅၆ မိနစ်မှာကတည်း ၃-၀ ဂိုး အသွင်းခံခဲ့ရပါတယ်။ အဲ့ဒီဂိုးတွေကို လာကာဇက်၊ ရှာကာနဲ့ ဆာကာ တို့က အာဆင်နယ်အတွက် သွင်းယူပေးခဲ့ပါတယ်။ ပွဲပြီးခါနီးကျမှ ချဲလ်ဆီးတို့ ၁ ဂိုးပြန်သွင်းနိုင်ခဲ့ပါတယ်။

လမ်းပတ်က သူ့အသင်းသားတွေ ပွဲချဥ်းကပ်ပုံ၊ အားစိုက်ပြေးဖို့နဲ့ ကြိုးစားအားထုတ်မှုတွေ လိုအပ်သလောက် မလုပ်နိုင်ခဲ့လို့ ဒေါသထွက်ခဲ့ကြောင်း ပြောသွားပါတယ်။

“ပထမပိုင်းမှာ လုံလောက်အောင် မကောင်းခဲ့ပါဘူး။ ဒုတိယပိုင်းမှာ ကစားပုံကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ၃ ဂိုးအသွင်းခံရပြီးသွားပြီ။ ကျွန်တော်တို့ ဒုတိယပိုင်းမှာ လူစားလဲတယ်။ ကစားပွဲထဲကို မြန်နှုန်းနဲ့ ရုန်းကန်အားတွေထပ်တိုးတယ်။ အဲ့ဒါတွေက ပွဲအစကတည်းက ဖြစ်ရမှာပါ”လို့ ပြောသွားခဲ့ပါတယ်။

“ကျွန်တော်ကွင်းပြင်ပမှာ တာဝန်ခံနိုင်ပါတယ်။ ဒါပေမယ့် ကစားသမားတွေလည်း ဒီအတွက် တာဝန်ရှိတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်သူတို့ကို ပြောခဲ့တာတွေ ရှင်းရှင်းလေးပါ။ ဒီပွဲဟာ အန္တရာယ်ရှိတယ်။ သူတို့ဟာ ပါရမီရှိတဲ့အသင်း၊ လန်ဒန်ဒါဘီလည်းဖြစ်တယ်။ ဒီပွဲဟာ ကျွန်တော် ဇယားထိပ်ပိုင်းကို တက်သွားနိုင်သလို သူတို့ကလည်း အဲ့ထက်ပိုပြီးကျသွားနိုင်တဲ့ အနေအထားမှာပါ။”

“သူတို့ ပင်နယ်တီနဲ့ ဖရီးကစ်ကို လွယ်လွယ်ပေးလိုက်ကြတယ်။ သူတို့ ပထမပိုင်းချဥ်းကပ်ပုံနဲ့ ပတ်သက်ပြီး ကျွန်တော်အရမ်း စိတ်ပျက်မိပါတယ်”လို့ပြောသွားပါတယ်။

Ref: dailymail

Be the first to comment

Leave a Reply

Your email address will not be published.


*