
စပါးအသင်းနည်းပြ မော်ရင်ဟိုက သူတို့အသင်းအနေနဲ့ နှစ်သစ်ကူးကာလအတွင်း ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ပွဲချောင်နေတယ်ဆိုတဲ့ သုံးသပ်မှုတွေကို ငြင်းဆိုလိုက်ပါတယ်။
စပါးအသင်းဟာ ဒီဇင်ဘာလက်ကျန်ကနေ ဇန်နဝါရီလကုန်ခါနီးအထိ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ အသင်းငယ်တွေနဲ့သာ ဆက်တိုက်ကစားရမှာဖြစ်လို့ တခြားပြိုင်ဘက်အသင်းကြီးတွေထက် ပွဲချောင်နေတယ်လို့ သုံးသပ်ခဲ့ကြတာပါ။
ဇန်နဝါရီ ၂၈ရက်မှာ လီဗာပူးလ်အသင်းနဲ့ မကစားမီအထိ စပါးအသင်းဟာ နှစ်သစ်ကူးကာလအတွင်း ဝုလ်ဗ်၊ ဖူလ်ဟမ်၊ လိဒ်စ်၊ အက်စတွန်ဗီလာ၊ ရှက်ဖီးယူနိုက်တက်တို့နဲ့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။
မော်ရင်ဟိုက “ဒီကာလမှာ ကျွန်တော်တို့အသင်းအနေနဲ့ ဇယားထိပ်ဆုံး ၆သင်း စာရင်းဝင်အသင်းတွေနဲ့ ကစားရလိမ့်မယ်လို့ ထင်ခဲ့ကြတာပါ။ အခုပွဲစဉ်ဇယားကိုကြည့်ပြီး ကျွန်တော်တို့ ပွဲချောင်လိုက်တာလို့ လူတွေ ပြောနိုင်ပါတယ်။ ပွဲချောင်လိုက်တာဆိုတာ ဘာလဲ၊ ဝုလ်ဗ်နဲ့ကစားရမယ်။ ပြီးရင် ဖူလ်ဟမ်၊ လိဒ်စ်တို့နဲ့ကစားရမယ်။ ဒါ ပွဲချောင်တာ မဟုတ်ပါဘူး။ လာမယ့်ဝုလ်ဗ်နဲ့ပွဲမှာ အမှတ်ပြည့်ရယူဖို့ လိုအပ်ပါတယ်” လို့ ဆိုခဲ့တယ်။
စပါးအသင်းဟာ ရာသီအစပိုင်းမှာ ခြေစွမ်းတည်ငြိမ်ခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နိုင်ခဲ့ပေမယ့် နောက်ဆုံး ၂ပွဲဆက်ရှုံးနိမ့်ခဲ့တာကြောင့် ထိပ်ဆုံး ၅သင်းပြင်ပ ရောက်ရှိ သွားခဲ့ပါတယ်။
Ref: Daily Mirror
Leave a Reply