မန်စီးတီးကစားသမား ကိုင်းဝေါ်လ်ကာနဲ့ ဂါဘရီရယ်ဂျီးဆပ်စ်တို့ ကိုဗစ်ကူးစက်ခံရ

မန်စီးတီးကစားသမားတွေဖြစ်ကြတဲ့ ကိုင်းဝေါ်လ်ကာနဲ့ ဂါဘရီရယ်ဂျီးဆပ်စ်တို့ဟာ ကိုဗစ် ကူးစက်ခံထားရပါတယ်လို့ အသင်းကထုတ်ပြန်လိုက်ပါတယ်။ အမည်မဖော်ပြထားတဲ့ အသင်းလုပ်သား ၂ ယောက်လည်း ကူးစက်ခံထားရပါတယ်။

အစိုးရက ချမှတ်ထားတဲ့ စည်းမျဥ်းအရ ကူးစက်ခံထားရတဲ့ ၄ ယောက်စလုံးဟာ ၁၀ ရက် သီးခြားခွဲနေရပါမယ်။ အဲ့ဒါကြောင့် ဝေါ်လ်ကာနဲ့ ဂျီးဆပ်စ်ဟာ လာမယ့်ဘောက်ဆင်းဒေးမှာ နယူးကာဆယ်နဲ့ တွေ့ဆုံရမယ့်ပွဲကို လွဲချော်မှာဖြစ်ပါတယ်။

နောက်ထပ် အဲဗာတန်၊ ချဲလ်ဆီးတို့နဲ့ တွေ့ဆုံမယ့်ပွဲတွေလည်း လွဲချော်သွားနိုင်ပါတယ်။ ဒါပေမယ့် ဇန်နဝါရီ ၆ ရက်နေ့မှာ ကစားမယ့် မန်ယူနဲ့ ဆီမီးဖိုင်နယ် ကရားဘောင်းဖလားပြိုင်ပွဲကိုတော့ အမီပြန်လာနိုင်ပါတယ်။

ကိုဗစ် ကူးစက်သူတွေ ထွက်ပေါ်ပေမယ့်လည်း အီသီဟတ်မှာ နယူးကာဆယ်ကို လက်ခံကစားမယ့် ကစားပွဲကို ပုံမှန်ပွဲစဥ်လိုပဲ ဖြတ်သန်းသွားကြမှာပါ။

“ပရီးမီးယားလိဂ်နဲ့ အင်္ဂလန်အာဏာပိုင်တွေရဲ့ စည်းကမ်းအရ ကူးစက်ခံရတဲ့ ၄ ယောက်စလုံးကို သီးသန့်ခွဲခြားပြီး ကုသသွားပါမယ်”လို့ မန်စီးတီးအသင်းက ထုတ်ပြန်ခဲ့ပါတယ်။

အသင်းသားတွေအားလုံးလည်း ကူးစက်ခံရတဲ့သူတွေအတွက် အမြန်ပြန်သက်သာစေဖို့၊ ခရစ္စမတ် ပိတ်ရက်အပြီး အလုပ်၊ လေ့ကျင့်ကွင်းနဲ့ ပြိုင်ပွဲတွေမှာ ပြန်ပါလာနိုင်ဖို့ ဆုမွန်ကောင်းတောင်းပေးကြပါတယ်။

ဖူလ်ဟမ်အသင်းနည်းပြ စကော့ပါကာလည်း သီးခြားခွဲနေရမှာ ဖြစ်တာကြောင့် ဆောက်သမ်တန်နဲ့ ကစားရမယ့် ပွဲစဥ်အတွက် နည်းပြပေးနိုင်မှာမဟုတ်တော့ပါဘူး။ သူရဲ့ ဆေးစစ်ရလဒ်က ကိုဗစ်မရှိပေမယ့် မိသားစုတွေထဲက ကိုဗစ်ပိုးရှိတာကြောင့် သီးခြားခွဲနေရမှာပါ။

Ref: dailymail

Be the first to comment

Leave a Reply

Your email address will not be published.


*