
အမေရိကန်အခြေစိုက် အဖျော်ယမကာကုမ္ပဏီ Budweiser က မက်ဆီရဲ့ကလပ်တစ်ခုတည်းအတွက် စံချိန်တင်သွင်းဂိုး ၆၄၄ဂိုးအတွက် ဂုဏ်ပြုတဲ့အနေနဲ့ ဘီယာ ၆၄၄ ပုလင်း အထူးထုတ်လုပ်ခဲ့ပြီး သူဂိုးသွင်းခဲ့တဲ့ ဂိုးသမားတွေဆီ သွင်းဂိုးအလိုက် ပေးပို့ခဲ့ပါတယ်။
မက်ဆီဟာ ပြီးခဲ့တဲ့ ဗယ်လာဒိုးလစ် (၀-၃) ဘာစီလိုနာပွဲစဉ်မှာ တစ်ဂိုးသွင်းယူခဲ့ပြီး ဘရာဇီးလ်ဂန္ထဝင် ပီလီရဲ့ကလပ်တစ်ခုတည်းအတွက် သွင်းဂိုးစံချိန်(၆၄၃ ဂိုး)ကို ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ Budweiser ဘီယာကုမ္ပဏီဟာ မက်ဆီရဲ့စပွန် ဆာတွေထဲကတစ်ခုဖြစ်ပြီး သမိုင်းဝင်စံချိန်တင် နိုင်တဲ့အချိန်မှာ အထူးထုတ်ဘီယာနဲ့ ပရိုမိုးရှင်း လုပ်လိုက်တဲ့သဘောပါပဲ။
မက်ဆီဟာ ဒီစံချိန်ကိုရရှိဖို့ ဂိုးသမား ၁၆၀ကို ဂိုးသွင်းခဲ့ပြီး Budweiser က အဲဒီဂိုးသမားတွေဆီ သွင်းခံရတဲ့ဂိုးအရေအတွက်အလိုက် ဘီယာပုလင်းတွေ ပေးပို့ခဲ့တာဖြစ်ပါတယ်။ အဲဒီဂိုးသမား ၁၆၀ ထဲမှာ ကာဆီးလက်စ်၊ ဘူဖွန်၊ ဘရာဗို၊ ကေလာနာဗက်စ်၊ အိုဘလက်ခ်၊ ကော့တွိုက်စ်၊ ဘန်းလေနို၊ ကီပါ အစရှိတဲ့ နာမည်ကျော်ဂိုးသမားတွေပါဝင်ခဲ့ပြီး ဘရာဇီးလ် ကလပ်ဖလာမင်ဂိုအသင်းမှာ ကစားနေတဲ့ ဗလင်စီယာအသင်းဂိုးသမားဟောင်း ဒီယေဂိုအဲလ်ဗက်စ်ကတော့ ၂၁ဂိုး သွင်းခံခဲ့ရပြီး အများဆုံးအဖြစ် ဘီယာ ၂၁ပုလင်း လက်ခံရရှိခဲ့ပါတယ်။
ရီးယဲလ်မက်ဒရစ်အသင်းဂိုးသမားဟောင်း ကာ ဆီးလက်စ်ကတော့ ၁၇ဂိုးနဲ့ တတိယဂိုးအများ ဆုံးသွင်းခံခဲ့ရပြီး အိုဘလက်ခ် (၁၀ဂိုး)၊ ကော့တွိုက်စ်(၉ဂိုး)၊ ဘန်းလေနို(၇ဂိုး)၊ ဘူဖွန် (၂ဂိုး)၊ ကီပါ (၂ဂိုး) စသဖြင့် အသီးသီးသွင်းခံခဲ့ရတဲ့ဂိုးအရေအတွက်အတိုင်း ဘီယာပုလင်းတွေ ရရှိခဲ့ပါတယ်။
စံချိန်တင်သွင်းဂိုး (၆၄၄)ဂိုးမြောက် ဂိုးပေးခဲ့ရတဲ့ ဗယ်လာဒိုးလစ်ဂိုးသမား ဂျော်ဒီမာဆစ်ကတော့ အထူးခြားဆုံးပုလင်းဒီဇိုင်းနဲ့ ဘီယာတစ်ပုလင်းကိုလက်ခံရရှိခဲ့ပါတယ်။ Budweiser ဘီယာကုမ္ပဏီရဲ့ လက်ဆောင်ကိုရရှိခဲ့တဲ့ ဂိုးသမားတွေကလည်း မက်ဆီရဲ့သမိုင်း ဝင်အောင်မြင်မှုမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်ခွင့်ရတဲ့အတွက် ဂုဏ်ယူကြောင်း ဟာသနှောကာ ပြောဆိုရေးသားမှုတွေ အသီးအသီးပြုလုပ်ခဲ့ကြပါတယ်။
Leave a Reply