
စတုတ်ကို အနိုင်ယူခဲ့တဲ့ ကရာဘောင်းဖလားပွဲစဥ်မှာ မော်ရင်ညိုက ဒယ်လီအလီနဲ့ ပတ်သက်ပြီး စိတ်ပျက်မိတယ်လို့ ဝန်ခံသွားခဲ့တာကြောင့် သူတို့နှစ်ယောက်ကြား တင်းမာမှုတွေရှိနေပါတယ်။
အလီကို နိုဝင်ဘာလလောက်ကတည်းက အခုမှ ပြန်ပြီးပွဲထွက်ခွင့်ပေးပေမယ့် ဒုတိယပိုင်းမှာ အမှားအယွင်းလုပ်ခဲ့တာကြောင့် လူစားလဲလိုက်တာဖြစ်ပါတယ်။
လူစားလဲခံရတဲ့အပေါ် အလီလည်း ဒေါသထွက်တဲ့အမူအရာလုပ်ခဲ့တာကြောင့် နည်းပြနဲ့ နှစ်ဦးနှစ်ဖက် မပျော်မရွှင်ဖြစ်ခဲ့ရပါတယ်။
မော်ရင်ညိုက “အဲ့ဒီနေရာ(အလီကစားတဲ့နေရာ) မှာ ကစားတဲ့သူက အသင်းဖော်အကြား ပေးပို့မှုနဲ့ ဖန်တီးမှုတွေပြုလုပ်နိုင်ရမှာပါ။ အသင်းအတွက် counter တိုက်စစ်ဆင်နေချိန်မှာ အမှားလုပ်လို့မရပါဘူး။ အဲ့လိုအခြေအနေမှာ ပြိုင်ဘက်အသင်းက ပြန်ပြီး counter ဖောက်နိုင်ခဲ့ရင် ကျွန်တော်တို့အသင်းရဲ့ တောင်ပံကစားသမားတွေနဲ့ ကွင်းလယ်တချို့ဟာ နေရာမှန်မှာ ရှိနေတာမဟုတ်ပါဘူး”လို့ ပြောသွားခဲ့ပါတယ်။
ကာရတ်ဘေးလ်ဟာ ပထမပိုင်းမှာ အခွင့်အရေးတချို့ဖန်တီးနိုင်ခဲ့ပြီး ခေါင်းတိုက်ဂိုး ၁ ဂိုးသွင်း ယူပေးခဲ့ပါတယ်။ မော်ရင်ညိုက ဘေးလ် ဒုတိယပိုင်း ဆက်မကစားတဲ့အပေါ် “ဒါက ကစားသမားတွေရဲ့ ရွေးချယ်မှုပါ။ ဟုတ်ပါတယ်။ ဒါကသူ့ရဲ့ ဆုံးဖြတ်ချက်ပါ။ ပထမပိုင်းပြီးခါနီးမှာ သူတစ်ခုခု ဖြစ်ခဲ့တာကြောင့် သူဆက်ပြီးမကစားချင်တာမလို့ အဝတ်လဲခန်းထဲမှာ ကျန်နေခဲ့တာပါ”လို့ ပြောသွားပါတယ်။
“ခြေသလုံးကြွက်သားနဲ့ဆိုင်တာ တစ်ခုခုဖြစ်မယ်ထင်တယ်။ ကျွန်တော်လည်း သေချာမသိပါဘူး။ အဲ့ဒါကြောင့် အသင်းအတွက် အပြောင်းအလဲတချို့လုပ်ခဲ့ပါတယ်” လို့ပြောသွားခဲ့ပါတယ်။
မော်ရင်ညိုဟာ ဒီကရာဘောင်းဖလားကို ငါးကြိမ်မြောက် ရယူချင်နေတာဖြစ်ပြီး စပါးအသင်းကလည်း ဒီဖလားမရတာ ၁၃ နှစ်ကျော်ရှိပါပြီ။
အဲ့ဒီပွဲစဥ်မှာ စပါးက စတုတ်စီးတီးကို (၁-၃)ဂိုးနဲ့အနိုင်ရခဲ့ပြီး ကရာဘောင်း ဆီမီးဖိုင်နယ်မှာ ဘရမ်းဖို့ဒ် အသင်းနဲ့ တွေ့ဆုံရမှာဖြစ်ပါတယ်။
Ref: dailymail
Leave a Reply