
ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီက သူ့အနေနဲ့ ဘောလုံးစတင်ကစားချိန်မှာ ဘယ်သူ့စံချိန်ကိုမှ ချိုးဖျက်နိုင်လိမ့်မယ်လို့ မထင်ခဲ့ကြောင်း ဘရာဇီးလ်ဂန္ထဝင် ပီလီရဲ့စံချိန်ကိုကျော်ဖြတ်ပြီးနောက် ဖွင့်ဟသွားခဲ့ပါတယ်။
အာဂျင်တီးနားတိုက်စစ်ကစားသမား မက်ဆီဟာ ပြီးခဲ့တဲ့ ဗယ်လာဒိုးလစ် (၀-၃) ဘာစီလို နာပွဲစဉ်မှာ ဘာစီလိုနာအသင်းအတွက် တတိယမြောက်ဂိုးကိုသွင်းယူပေးခဲ့ပြီး ပီလီတင်ရှိထားတဲ့ ကလပ်တစ်ခုတည်းအတွက် ဂိုးအများဆုံး သွင်းသူဆိုတဲ့ စံချိန် (၆၄၃ဂိုး)ကို တစ်ဂိုးအသာနဲ့ ကျော်ဖြတ်နိုင်ခဲ့တာပါ။
အသက် ၃၃နှစ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ ပြီးခဲ့တဲ့စနေက ကစားခဲ့တဲ့ ဘာစီလိုနာ (၂-၂) ဗလင်စီယာပွဲစဉ်မှာ တစ်ဂိုးသွင်းယူပြီး ဆန်းတို့စ်အသင်းကစားသမားဟောင်း ပီလီရဲ့စံချိန်ကို လိုက်မီခဲ့ပြီးနောက် ကြားရက်ပွဲစဉ်မှာ အခုလိုကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။
မက်ဆီက ” ကျွန်တော် ဘောလုံးစကစားတဲ့အချိန်မှာ ဘယ်သူ့စံချိန်ကိုမှ ချိုးဖျက်နိုင်လိမ့်မယ်လို့ မထင်ခဲ့ဘူး။ ဒါတောင်မှ ဒီစံချိန်ကို ဒီနေ့ရခဲ့ပြီပေါ့။ ပြီးခဲ့တဲ့နှစ်ကာလတွေအတွင်း ကျွန်တော့်ကို အကူအညီ ပေးခဲ့ကြတဲ့ အသင်းဖော်တွေ၊ ကျွန်တော့်မိသားစုနဲ့ သူငယ်ချင်းတွေ၊ ကျွန်တော့်ကို အမြဲတမ်းအားပေးနေတဲ့ ပရိသတ်တွေ အားလုံးကို ကျေးဇူးတင်ပါတယ်” လို့ ဆိုခဲ့တယ်။
မက်ဆီအနေနဲ့ ပီလီရဲ့ကလပ်သွင်းဂိုးစံချိန်ကိုချိုးဖျက်နိုင်ခဲ့သလို နိုင်ငံတကာသွင်းဂိုးစံချိန်ကို လိုက်မီဖို့လည်း နီးစပ်နေပါတယ်။ ပီလီဟာ ဘရာဇီးအသင်းအတွက် (၇၇) ဂိုးသွင်းယူကာ တောင်အမေရိက ကစားသမားတွေထဲမှာ နိုင်ငံအသင်းအတွက် ဂိုးအများဆုံးသွင်းယူသူအဖြစ် စံချိန်တင်ထားတာပါ။
မက်ဆီကတော့ လက်ရှိအချိန်မှာ အာဂျင်တီးနားအသင်းအတွက် (၇၁) ဂိုးသွင်းယူပေးထားတာဖြစ်လို့ ပီလီရဲ့စံချိန်ကိုလိုက်မီဖို့ (၆)ဂိုးသာ လိုပါတော့တယ်။
Ref: The National
Leave a Reply