
ဂျူဗင်တပ်အသင်းဟာ အင်္ဂါနေ့ညက ကစားခဲ့တဲ့ အိမ်ကွင်းပွဲစဥ်မှာ ဖီအိုရင်တီးနားကို (၀-၃) ဂိုးနဲ့ အရေးနိမ့်ခဲ့ရပါတယ်။ ပထမပိုင်း ၁၈ မိနစ်မှာတင် ဂျူဗင်ကွင်းလယ်လူ ဂွါဒရာဒိုရဲ့ ဖျက်ထုတ်ပုံ ကြမ်းတမ်း တာကြောင့် အနီကပ်ပြခံရပြီး ၁၀ ယောက်နဲ့ ရုန်းကန်ကစားခဲ့ရပါတယ်။ ပီယာလိုရဲ့ ပထမဦးဆုံး စီးရီးအေ ရှုံးပွဲလည်းဖြစ်ပါတယ်။
နာပိုလီတို့ အယူခံဝင်ထားတဲ့ အောက်တိုဘာ ၄ ရက်နေ့က ဂျူဗင်တပ်နဲ့ ကန်ရမယ့်ပွဲမှာ နာပိုလီတို့ ကိုဗစ်အကြောင်းပြချက်နဲ့ လာရောက်ဖို့ပျောက်ကွက်ခဲ့တာကြောင့် ဂျူဗင်တို့ (၃-၀)ဂိုးနဲ့ ရမှတ် ၃မှတ် ရခဲ့ပါတယ်။ နာပိုလီတို့ အယူခံနိုင်သွားတာကြောင့် အဲ့ဒီပွဲရလဒ်ကို ပြန်ပယ်ဖျက်လိုက်ပြီး ဂျူဗင်တို့လည်း ရမှတ် ၃မှတ် ပြန်နုတ်ခံခဲ့ရပါတယ်။
ဖီအိုနဲ့ တွေ့ဆုံတဲ့ပွဲမှာ နိုင်ပွဲမရယူနိုင်ခဲ့လို့ ၃ မှတ် ဆုံးရှုံးသွားတဲ့အပြင် အရင်ရထားတဲ့ ၃ မှတ်ပါ ပြန်နုတ်ခံရတာကြောင့် တစ်နေ့တည်း ၆ မှတ် ဆုံးရှုံးသလိုဖြစ်သွားပါတယ်။
ပီယာလိုက “ကျွန်တော်တို့ ပွဲချဥ်းကပ်ပုံအမှားအယွင်းနဲ့ ကစားခဲ့ပါတယ်။ ပြီးတော့ ခင်ဗျားလည်း ဒီလိုမျိုး အခြေအနေမျိုးကြုံခဲ့မယ်ဆိုရင် အခုလို ရလဒ်ဆိုးရွားမှာပဲ။ ဒါက ဆင်ခြေပေးနေတာ မဟုတ်ဘူး” လို့ စကိုင်းစပို့တ်ကို ပြောသွားပါတယ်။
“ခရစ္စမတ် အနားယူရက် မရောက်ခင် နောက်ဆုံးပွဲစဥ်တွေမှာ ဒါမျိုးတွေ ဖြစ်တတ်ပါတယ်။ ကျွန်တော်တို့အသင်းက နှေးကွေးလေးလံနေပြီး အာရုံစူးစိုက်မှုရှိမနေပါဘူး။ ပြီးတော့ ကျွန်တော်တို့ ရှုံးတော့တာပဲ”လို့ ထပ်ပြောသွားပါတယ်။
နာပိုလီနဲ့ နောက်လထဲမှာပြန်ကန်ရမယ့်အပေါ် “ကျွန်တော်တို့ သူတို့နဲ့ပြန်ကန်ဖို့ ဘာပြဿနာမှ မရှိပါဘူး။ တခြားကလပ်တွေ ကိုဗစ်ကူးစက်ခံရပေမယ့် ရှိတဲ့ကစားသမားနဲ့ ခရီးသွားလာပြီး မျှမျှတတ ကစားနေကြရတဲ့ ကလပ်တွေအတွက်တော့ ကျွန်တော်ပိုပြီး စိတ်မကောင်းဖြစ်မိပါတယ်”လို့ ပြောသွားပါတယ်။
ဂျူဗင်တပ်အသင်းဟာ စီးရီးအေ ၁၀ နှစ်ဆက်တိုက် ချန်ပီယံဖြစ်ခဲ့ပြီး ယခုရာသီမှာတော့ ဇယားထိပ်မှာ ဦးဆောင်နေတဲ့ အေစီမီလန်အသင်းနဲ့ ၇ မှတ်ကွာဟပြီး အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။
ref: allfootball
Leave a Reply