
အင်္ဂါနေ့ညက ကစားခဲ့တဲ့ ကရာဘောင်းဖလားပွဲစဥ်မှာ အာဆင်နယ်တို့ မန်စီးတီးကို (၁-၄)နဲ့ ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲမှထွက်ခဲ့ရပါတယ်။ ပထမပိုင်းမှာ (၁-၁) ကစားနိုင်ခဲ့ပေမယ့် လူငယ် ဂိုးသမားနဲ့ နောက်တန်း ကစားပုံ အမှားအယွင်းတွေကြောင့် ဒုတိယပိုင်းမှာ သွင်းဂိုးတွေ ပေးခဲ့ရပါတယ်။
အာဆင်နယ်အသင်းမှာ ယုံကြည်လို့ရတဲ့ ကစားသမား ၃ ၊ ၄ ယောက်ပဲရှိတော့တယ်လို့ ကစားပွဲအပြီး စကိုင်းစပို့တ်ရဲ့ ဘောလုံးရေးကျွမ်းကျင်သူ ဂျေမီရက်နက်က ဝေဖန်သွားခဲ့ပါတယ်။
အာဆင်နယ်အသင်းရဲ့ ကစားပုံက ဆိုးရွားလွန်းတဲ့ အနေအထားမှာ ဖြစ်နေပါတယ်။ ပရီးမီးယားလိဂ်မှာလည်း နိုဝင်ဘာလစကတည်းက နိုင်ပွဲပျောက်ဆုံးနေပြီး အဆင့် ၁၅ နဲ့ တန်းဆင်းဇုန် ၄ မှတ်အကွာမှာ ရောက်နေပါတယ်။
ဂျေမီရက်နက်က စကိုင်းစပို့တ်ကို “သူတို့ရဲ့ နောက်ဆုံးနိုင်ပွဲက မန်ယူအသင်းနဲ့ ကစားခဲ့တဲ့ နိုဝင်ဘာ ၁ ရက် နေ့ကပါ။ ပြီးတော့ အဲ့ဒီနေ့က သူတို့ရဲ့ နောက်တန်းက အဆင်ပြေနေတယ်လို့ ကျွန်တော်ထင်ထားတာ။ ချက်ချင်းဆိုသလိုပဲ အဲ့ဒါတွေက အားလုံးပျောက်သွားပြီး သူရဲ့ ယုံကြည်မှုတွေလည်း လုံးဝမရှိတော့ပါဘူး”လို့ ပြောသွားခဲ့ပါတယ်။
“အသင်းမှာဖြစ်နေတဲ့ အရေးကြီးဆုံး ပြဿနာကတော့ ခင်ဗျားက မန်နေဂျာတစ်ယောက်အနေနဲ့ အာဆင်နယ် အသင်းကို ကိုင်တွယ်ရတော့မယ်ဆိုရင် အသင်းမှာ ယုံကြည်လို့ရတဲ့ ကစားသမား ၃ ယောက် ၊ ၄ ယောက် အပြင်မရှိတော့ပါဘူး။ အခုအသင်းမှာ ကလေးတွေနဲ့ ပြည့်နေတယ်။ ကျွန်တော် လူငယ်လေးတွေအတွက် စိတ်မကောင်းပါဘူး။ မန်နေဂျာက လူငယ်ကစားသမားတွေကို အချိန်လုံလောက်အောင်ပေးပြီးမှ ထုတ်သုံးသင့်ပါတယ်။ ” လို့ ထပ်ပြောသွားပါတယ်။
မန်စီးတီးနဲ့ပွဲမှာ အာဆင်နယ်အသင်းက သူတို့ရဲ့ဂိုးသမားနေရာကို လူငယ်အရံကစားသမားနဲ့ ပွဲထွက်လာပြီး အမှားတချို့လည်း ဖြစ်သွားခဲ့ပါတယ်။ အရင်ရာသီတုန်းက အသင်းနဲ့ အသားကျနေတဲ့ ဂိုးသမား မာတီနက်ဇ်ကို ရောင်းလိုက်တာကိုလည်း ပရိသတ်တွေက မကျေမနပ်ဖြစ်နေကြပါတယ်။ ယခုပွဲစဥ်ကိုလည်း ဂိုးသမားလီနိုကို မသုံးဘဲ လူငယ်ကစားသမားကို သုံးခဲ့တာကြောင့် အာတီတာရဲ့ လူရွေးချယ်ပုံဟာ မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။
Ref: dailymail
Leave a Reply