
ဖီအိုရင်တီးနားအသင်းဟာ မန်ယူအသင်းက ခေါ်ယူဖို့စိတ်ဝင်စားနေတဲ့ အသင်းနောက်ခံလူ နီကိုလာ မီလင်ကိုဗစ်ကို ပြောင်းရွှေ့ကြေးပေါင် ၂၃သန်း သတ်မှတ်ထားတယ်လို့ အီတလီသတင်းစာ Calcio Mercato က ဖော်ပြခဲ့ပါတယ်။
ဆားဘီးယားလက်ရွေးစင်နောက်ခံလူ မီလင်ကိုဗစ်ဟာ ဖီအိုရင်တီးနားအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ အလိုမရှိတော့လို့ လာမယ့်ဇန်နဝါရီမှာ ရောင်းချဖို့ပြင်ဆင်နေတာပါ။
မန်ယူအသင်းကလည်း ဒီရာသီမှာ တိုက်စစ်ပိုင်း ကောင်းမွန်နေပေမယ့် ခံစစ်ကတော့ ပေးဂိုးများ နေတုန်းပါပဲ။ မန်ယူဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ရဂိုး ၂၈ဂိုးနဲ့ တိုက်စစ်ပိုင်း တတိယအကောင်းဆုံး အသင်းအဖြစ်ရပ်တည်နေပေမယ့် ခံစစ်ကတော့ ၁၃ပွဲမှာ ၂၁ဂိုးပေးထားရပြီး ထိပ်ဆုံး ၁၀သင်းထဲမှာ အဆိုးရွားဆုံးဖြစ်နေပါတယ်။
ဒါကြောင့် ဖီအိုရင်တီးနားအသင်းအတွက် ပွဲ ၁၀၀ ကစားပေးထားတဲ့ မီလင်ကိုဗစ်ဟာ လင်ဒီလော့ဖ်၊ မက်ဂွိုင်းယားတို့နဲ့ အလုပ်မဖြစ်တော့တဲ့ ဗဟိုခံစစ်အတွက် သင့်တော်တဲ့အားဖြည့်မှု ဖြစ်လာနိုင်ပါတယ်။
မီလင်ကိုဗစ်ဟာ အသက် ၂၃နှစ်သာ ရှိသေးပြီး ဆားဘီးယားအသင်းအတွက်လည်း ၂၆ပွဲ ပါဝင် ကစားထားသူဖြစ်လို့ ပြောင်းရွှေ့ကြေးပေါင် ၂၃သန်းဟာ သူ့ကိုအလိုရှိနေတဲ့ ဆိုးလ်ရှားအတွက် မီးစိမ်းပြလိုက်တာ ဖြစ်ပါတယ်။
Ref: Calcio Mercato
Leave a Reply