
မန်ယူအသင်းကွင်းလယ်လူဟောင်း ရွိုင်ကိန်းက ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် လီဗာပူးလ်ရဲ့ အဓိကပြိုင်ဘက်က မန်ယူအသင်း ဖြစ်လိမ့်မယ်လို့ Sky Sports သတင်းဌာနနဲ့ တွေ့ဆုံရာမှာ သုံးသပ်ပြောဆိုခဲ့ပါတယ်။
မန်ယူအသင်းဟာ ရာသီအဖွင့်ပွဲစဉ်မှာ ခရစ္စတယ်ပဲလေ့စ်ကိုရှုံးနိမ့်ခဲ့သလို စပါးအသင်းကိုလည်းအိမ်ကွင်းမှာ (၆-၁) ဂိုးနဲ့အရှက်တကွဲရှုံးနိမ့်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပေမယ့် လက်ရှိမှာတော့ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်နေပါပြီ။
ပရီးမီးယားလိဂ်ပွဲစဉ် ၁၄ ကစားပြီးချိန်မှာ မန်ယူဟာ အဆင့် ၃နေရာ ရပ်တည်နေပြီး ထိပ်ဆုံးက လီဗာပူးလ်အသင်းနဲ့ ၅မှတ်သာ ကွာဟပါတော့တယ်။ ရွိုင်ကိန်းက လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းဟာ တောင့်တင်းဆဲဖြစ်ပေမယ့် ချန်ပီယံဆုအတွက် မန်ယူအသင်းက အဓိကစိန်ခေါ်သူ ဖြစ်လာလိမ့်မယ်လို့ သုံးသပ်ခဲ့တာပါ။
ရွိုင်ကိန်းက “ပြီးခဲ့တဲ့လပိုင်းတွေမှာ မန်ယူအသင်းဟာ ဝေဖန်မှုတွေကိုပြင်းပြင်းထန်ထန်ရင် ဆိုင်ခဲ့ရပါတယ်။ အထူးသဖြင့် သူတို့ရဲ့အိမ်ကွင်းရလဒ်ပိုင်းကြောင့်ပါ။ နောက်တန်းကစားသမား ၄ယောက်နဲ့ ဂိုးသမားကတော့ ပိုပြီးဝေဖန်ပြစ်တင်ခံခဲ့ရပါတယ်။ ဒါပေမဲ့ အသင်းက တဖြည်းဖြည်းတိုးတက်လာခဲ့ပြီး အခုဆိုရင် လမ်းကြောင်းမှန်ပေါ်ပြန်ရောက်လာပါပြီ။ လီဗာပူးကတော့ အတောင့်တင်းဆုံးအဖြစ် ရှိနေဆဲပါ။ မန်ယူကလည်း ကျန်တဲ့အသင်း တွေထဲမှာတော့ အကောင်းဆုံးပါပဲ။ ဒါကြောင့် လီဗာပူးလ်ကို အဓိကစိန်ခေါ်မယ့် အသင်းဖြစ် လာပါလိမ့်မယ်” လို့ သုံးသပ်ခဲ့ပါတယ်။
မန်ယူအသင်းဟာ နောက်ဆုံးကစားတဲ့ပွဲစဉ်မှာ လိဒ်စ်ယူနိုက်တက်ကို (၆-၂)ဂိုးနဲ့ ခြေစွမ်းပြအနိုင်ယူခဲ့သလို လီဗာပူးလ်အသင်းကလည်း ပဲလေ့စ် အသင်းကို အဝေးကွင်းမှာ ၇ဂိုး ပြတ်အနိုင်ရခဲ့ပါတယ်။
Ref: Sky Sports
Leave a Reply