
တနင်္ဂနွေနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ယူအသင်းဟာ လိဒ်စ်ယူနိုက်တက်အသင်းကို (၆-၂) ဂိုးနဲ့ ပြတ်ပြတ်သားသားအနိုင်ရခဲ့ပါတယ်။ အဲဒီပွဲမှာ စကော့တလန်လက်ရွေးစင်ကွင်းလယ်လူ တွမ်မီနေးက အကောင်းဆုံးခြေစွမ်းပြခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပွဲအစ ၃မိနစ် အတွင်း ၂ဂိုး သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ် စံချိန်သစ်ရေးထိုးနိုင်ခဲ့ပါတယ်။
တွမ်မီနေးဟာ ခံစစ်အားသန်ကစားသမားတစ်ဦးဖြစ်ပြီး လိဒ်စ်နဲ့ပွဲမတိုင်ခင် မန်ယူအတွက် ပရီးမီးယားလိဂ် ၆၈ပွဲ မှာ ၆ဂိုးသာ သွင်းယူထားနိုင်တဲ့သူလည်း ဖြစ်ပါတယ်။ ဒါက ထူးခြားမှုတစ်ခုဖြစ်သလို ပြီးခဲ့တဲ့ရက်ပိုင်းက ထွက်ပေါ်ခဲ့တဲ့ လက်ရှိမန်ယူကစားသမားတွေရဲ့လစာတွေကိုဖော်ပြခဲ့ရာမှာ တွမ်မီနေးဟာ အသင်းရဲ့ လစာအနည်းဆုံးကစားသမားတွေထဲ အံ့အားသင့်ဖွယ်ပါဝင်နေပါတယ်။
အသက် ၂၄နှစ်ရှိပြီဖြစ်တဲ့ တွမ်မီနေးဟာ မန်ယူအသင်းမှာ တစ်ပတ်ပေါင် ၁၀,၀၀၀ သာ ရရှိနေသူဖြစ်ပြီး သူ့လိုပဲ မန်ယူအကယ်ဒမီထွက် ကစားသမား ရက်ဖို့ဒ်(၂၃နှစ်)ကတော့ တစ်ပတ်ပေါင် ၂သိန်းအထိ ရရှိနေပါတယ်။ မန်ယူအသင်းရဲ့ကစားသမားလစာ စာရင်းမှာ တွမ်မီနေးက အဆင့် ၂၄နေရာရပ်တည်နေပြီး နောက်ခံလူ ဖူဆိုမန်ဆာက တစ်ပတ်ပေါင် ၁၅,၀၀၀ နဲ့ သူ့ရဲ့အထက်ကပ်လျက်ရပ်တည်နေပါတယ်။
မန်ယူအသင်းရဲ့လစာအများဆုံးကစားသမားအဖြစ် ဂိုးသမား ဒီဂီယာက တစ်ပတ်ပေါင် ၃၇၅,၀၀၀ နဲ့ ထိပ်ဆုံးမှာရပ်တည်နေပြီး ပေါ့ဘာ(ပေါင် ၂၉၀,၀၀၀)၊ မာရှယ် (ပေါင်၂၃၀,၀၀၀)၊ ကာဗာနီ (ပေါင် ၂၁၀,၀၀၀)နဲ့ ရက်ဖို့ဒ် (ပေါင် ၂၀၀,၀၀၀) တို့က အစဉ်လိုက်ရပ်တည်နေပါတယ်။
ရက်ဖို့ဒ်ရဲ့နောက်မှာတော့ မက်ဂွိုင်းယား၊ မာတာ၊ ဘရူနိုဖာနန်ဒက်စ်၊ လုခ်ရှော၊ ဖရက်ဒ်၊ ဒင်းဟန်ဒါဆန်၊ လင်ဒီလော့ဖ်၊ မာတစ်၊ ဗန်ဒီဘိခ်၊ အီဂါလို၊ ဘစ်ဆာကာ၊ ဘိုင်လီ၊ ရိုဂျို၊ ဖီးလ်ဂျုံးစ်၊ လင်ဂတ်၊ ရိုမီယို၊ ဒန်နီရယ်ဂျိမ်းစ်၊ လီဂရန့်၊ ဖူဆိုမန်ဆာနဲ့ တွမ်မီနေးတို့က အစဉ်လိုက် ရပ်တည်နေတယ်လို့ သိရပါတယ်။
Ref: Tastyfootball
Leave a Reply