
မိုဆာလတ်က လီဗာပူးမှာ မပျော်ရွင်အကြောင်းနဲ့ အသင်းကလည်း သူ့ကို ရောင်းချသွားဖို့ စဥ်းစားနေတယ်လို့ အီဂျစ်အသင်းကစားဖော် မိုဟာမက်ဒ် အဘောက်ရီကာ ပြောသွားခဲ့ပါတယ်။
ဆာလတ် စိတ်ပျက်မိတဲ့အကြောင်းအရာတွေထဲက တစ်ခုကတော့ မစ်ဂျေလန်းနဲ့ ကစားခဲ့တဲ့ချန်ပီယံလိဂ်ပွဲစဥ်မှာ သူ့ကို အသင်းခေါင်းဆောင်အဖြစ် မကစားစေဘဲ ဂျာဂင်ကလော့ပ်က ညာနောက်ခံလူ အာနိုးကိုသာ အသင်းခေါင်းဆောင်လက်ပတ် ပေးခဲ့ပြီး ပွဲထွက်စေခဲ့တာကြောင့်လို့ ဆိုပါတယ်။
မကြာသေးခင်က စပိန်စာနယ်ဇင်းနဲ့ အင်တာဗျူး ပြောကြားရာမှာ စပိန်ထိပ်တန်းကလပ်တွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာဆီကို ပြောင်းရွေ့ကစားသွားမလားဆိုတာကို ငြင်းဆိုခဲ့ပြီး ဆာလတ်က သူ့အနာဂတ်ဟာ လီဗာပူးအသင်းအပါ်မှာပဲ မူတည်နေပါတယ်လို့ ပြောသွားခဲ့ပါတယ်။
အဘောက်ရီကာက bein sports ကို “ကျွန်တော် ဆာလတ်ကို သူ့အခြေအနေနဲ့ ပတ်သက်ပြီး စကားပြောမေးမြန်း ဖြစ်ပါတယ်။ သူ စိတ်ဓာတ်ကျနေတယ်။ ဒါပေမဲ့ ဒီကိစ္စက ကွင်းအတွင်း ခြေစွမ်းပေါ်ဘာမှ သက်ရောက်မှု မရှိဘူး”လို့ ပြောသွားခဲ့ပါတယ်။
ဆက်လက်ပြီး “ကျွန်တော် ဆာလတ် လီဗာပူးအသင်းမှာ မပျော်ရွင်နေဘူးဆိုတာ သိနေတယ်။ ကျွန်တော့်ကို့ ဘာလို့မပျော်ရွင်လည်းဆိုတာ သူပြောပြခဲ့တယ်။ ဒါတွေကတော့ လျှို့ဝှက်ထားရမှာပေါ့။ အများပြည်သူရှေ့မှာ ပြောလို့အဆင်မပြေပါဘူး။ မပျော်ရွင်တဲ့ အကြောင်းအရာတွေထဲကတစ်ခုကတော့ မစ်ဂျေလန်းနဲ့ ပွဲစဥ်မှာ အသင်းခေါင်းဆောင်အဖြစ် မလုပ်ခဲ့ရလို့ပါ”လို့ ပြောသွားခဲ့ပါတယ်။
ဆာလတ်ကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး အင်တာဗျူးတစ်ခုမှာ “ကျွန်တော် ရိုးရိုးသားဝန်ခံရရင် အရမ်းစိတ်ပျက်ခဲ့ပါတယ်။ ကျွန်တော် အဲ့ဒီပွဲစဥ်မှာ အသင်းခေါင်းဆောင်အဖြစ်ကစားဖို့ မျှော်လင့်ထားတာပါ။ ဒါပေမဲ့ နည်းပြက ဆုံးဖြတ်တာလေ။ ဒါကိုလည်း ကျွန်တော် လက်ခံတယ်” လို့ ပြောခဲ့ပါတယ်။
ကလော့ပ်လက်အောက်မှာ ဆာလတ်ဟာ လီဗာပူးအသင်းအတွက် ထူးချွန်တဲ့ကစားသမားတစ်ယောက် ဖြစ်လာခဲ့ပြီး အသင်းအတွက် ၁၇၃ ပွဲကစားထားပြီး ၁၁၀ ဂိုးသွင်းယူထားနိုင်ပါတယ်။
Ref: dailymail
Leave a Reply