
ဂျူဗင်တပ်စ်အသင်းနည်းပြ ပီယာလိုက ကွင်းလယ်လူ ရမ်ဆေးအနေနဲ့ လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ ပရီးမီးယားလိဂ်ကို ပြန်လည်ရောက်ရှိလာတော့မယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး လုံးဝမဟုတ်မှန်ဘူးလို့ ဖြေရှင်းချက်ပေးလိုက်ပါတယ်။
အာဆင်နယ်ကွင်းလယ်လူဟောင်း ရမ်ဆေးဟာ ဂျူဗင်တပ်စ်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရပြီး ပရီးမီးယားလိဂ်ကလပ်တချို့ရဲ့ ကမ်းလှမ်းမှုတွေ ရရှိထားတယ်လို့ သတင်းထွက် ပေါ်နေတာပါ။
ဂျူဗင်တပ်စ်နည်းပြ ပီယာလိုကတော့ ရမ်ဆေးကို ရောင်းထုတ်ဖို့လုံးဝအစီအစဉ်မရှိတဲ့အကြောင်း ပါးမားအသင်းကို အနိုင်ရတဲ့ပွဲအပြီးမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ပီယာလိုက ” ကျွန်တော်တို့ သူ့ကို ဂရုစိုက်ရပါလိမ့်မယ်။ တစ်ခါတလေမှာ သူက သူ့အကောင်းဆုံးပုံစံမှာ ရှိမနေပါဘူး။ သူ့ကို အနားပေးဖို့ လိုအပ်ပါတယ်။ သူအကောင်းဆုံးပုံစံပြန်ရပြီဆိုရင် ကွင်းထဲမှာ သူကစားတာကို ကျွန်တော် မြင်ချင်ပါတယ်။ သူဟာ ကျွန်တော်တို့အတွက် အရေးပါတဲ့ကစားသမားပါ” လို့ ဖွင့်ဟပြောဆို ခဲ့ပါတယ်။
ဝေးလ်စ်ကွင်းလယ်လူ ရမ်ဆေးဟာ ဒီရာသီမှာ ဂျူဗင်တပ်စ်အသင်းအတွက် စီးရီးအေ ၇ ပွဲ ပါဝင်ကစားခွင့်ရထားပြီး ဂိုးဖန်တီးမှု ၂ကြိမ်ပြုလုပ်ထားပါတယ်။
Ref:Tribalfootball
Leave a Reply