
တနင်္ဂနွေနေ့က လက်စတာနဲ့ ကစားခဲ့တဲ့ အိမ်ကွင်းပွဲစဥ်မှာ စပါးအသင်းတို့ (၀-၂) နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ အဲဒီပွဲစဥ်မှာ စပါးအသင်းနောက်ခံလူ ဆာဂျ်အော်ရီယာဟာ ဂိုးဧရိယာထဲမှာ လက်စတာ နောက်ခံလူ ဖိုဖာနာကို ကြမ်းကြမ်းတမ်းတမ်း တွန်းထုတ်ခဲ့တာဖြစ်ပါတယ်။ ဒိုင်က VAR ကြည့်ပြီး ပင်နယ်တီအဖြစ်သတ်မှတ်လိုက်တာကြောင့် လက်စတာတို့အတွက် ပထမပိုင်း ဦးဆောင်ဂိုး ရရှိခဲ့တာဖြစ်ပါတယ်။
ပထမပိုင်းပြီးခါနီး မက်ဒီဆင်ရဲ့ သွင်းဂိုးကိုလည်း VAR က လူကျွံဘောအဖြစ် သတ်မှတ်ခဲ့တာကြောင့် လက်စတာတို့ ဂိုးမရခဲ့ပါဘူး။
ပင်နယ်တီကို လက်စတာတိုက်စစ်မှူး ဂျေမီဗာဒီက သွင်းပေးခဲ့တာဖြစ်ပြီး ဒုတိယဂိုးကတော့ စပါးနောက်ခံလူ အယ်လ်ဒါဝီယံက ကိုယ့်ဂိုးကို သွင်းယူမိခဲ့ပါတယ်။
မော်ရင်ညိုဟာ စပါးအသင်းစရောက် ကိုင်တွယ်တုန်းက ညာနောက်ခံလူ အော်ရီယာအပေါ် “သူ့ရဲ့ခံစစ်စွမ်းဆောင်ရည်ကနေ ပင်နယ်တီပေးခံရမှာ စိုးရိမ်မိတယ်” လို့ မှတ်ချက်ပေးခဲ့ဖူးပါတယ်။
မန်ယူနိုက်တက် ကစားသမားဟောင်း ရွိုင်ကိန်းကလည်း အော်ရီယာအပေါ် “လုံးဝမိုက်မဲတဲ့ အပြုအမူပါပဲ။ အဲ့အချိန်မှာ ဘာအန္တရာယ်အနေအထားမှလည်း ဖြစ်မနေဘူး။ ပြိုင်ဘက်ကစားသမားကလည်း ဂိုးသွင်းဖို့ အဆင်သင့်ဖြစ်မနေဘူး။ သူဘောလုံးကိုလည်း ကြည့်မနေခဲ့ဘူး။ ဒါကို မစဥ်းစား မဆင်ချင်ဘဲ လုပ်လိုက်တာ”လို့ ဝေဖန်သွားခဲ့တယ်။
မော်ရင်ညိုကိုင်တွယ်တဲ့ စပါးအသင်းဟာ ဇယားထိပ်ကို ဦးဆောင်နိုင်ခဲ့ပေမယ့် ခရစ္စမတ်ပွဲကြပ်ကာလမှာ ခရစ္စတယ်ပဲလေ့စ်၊ လီဗာပူးနဲ့ လက်စတာတို့ပွဲမှာ အမှတ်ပြည့်မယူနိုင်ခဲ့တာကြောင့် အဆင့် ၅ ကို ပြန်လည်ရောက်ရှိသွားပါတယ်။
Ref: Mirror
Leave a Reply