
ဘာစီလိုနာအသင်းလူငယ်တိုက်စစ်မှူး အန်ဆူဖာတီဟာ ဒူးဒဏ်ရာအကင်းမသေမှုကြောင့် တတိယအကြိမ်မြောက် ခွဲစိတ်ဖို့လိုအပ်နေတယ်လို့ သိရပါတယ်။
စပိန်လက်ရွေးစင်တိုက်စစ်မှူး အန်ဆူဖာတီဟာ ဒူးဒဏ်ရာကို ပထမဆုံးအကြိမ်အဖြစ် နိုဝင်ဘာ ၈ရက်က ခွဲစိတ်ခဲ့ပြီး ၄လခန့်အနားယူရမယ်လို့ အသင်းဆရာဝန်တွေက ခန့်မှန်းခဲ့ကြပါတယ်။ ဒါပေမဲ့ သူ့ဒဏ်ရာဟာ မျှော်လင့်ထားသလောက်တိုးတက်မှုမရှိခဲ့တာကြောင့် ပြီးခဲ့တဲ့ရက်သတ္တပတ် ၂ပတ်ခန့်က ထပ်မံခွဲစိတ်ခဲ့ရတယ်လို့ စပိန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။
အခုအခါမှာလည်း ဒူးဒဏ်ရာက အကင်းမသေဘဲ ဒူးဆစ်အတွင်းပိုင်းမှာ နာကျင်နေဆဲဖြစ်နေတာကြောင့် တတိယအကြိမ်မြောက် ခွဲစိတ်မှုပြုလုပ်ဖို့လိုအပ်နေတာပါ။ အန်ဆူဖာတီဟာ ဒီရာသီမှာ ဘာစီလိုနာ အသင်းအတွက် လာလီဂါ ၁၀ပွဲမှာ ၅ဂိုးသွင်း ယူပေးနိုင်ခဲ့ပြီး အသင်းခေါင်းဆောင် မက်ဆီနဲ့အတူ အကောင်းဆုံးတွဲဖက်ကစားခဲ့ပါတယ်။
စပိန်လက်ရွေးစင်အသင်းအတွက် ၄ပွဲကစားကာ ၁ဂိုးသွင်းယူထားတဲ့ အန်ဆူဖာတီဟာ ဘာစီလိုနာတိုက်စစ်ပိုင်းမှာ ဂရီးဇ်မန်း၊ ဘရိတ်ဝှိုက်၊ ဒမ်ဘီလီ၊ထရင်ကာအိုတို့ထက် ပိုနေရာရခဲ့တဲ့ ကစားသမားလည်းဖြစ်ပါတယ်။
ဘဏ္ဍာရေးအကျပ်အတည်းနဲ့ရင်ဆိုင်နေရတဲ့ ဘာစီလိုနာအသင်းဟာ လာလီဂါမှာ ချန်ပီယံ ဆုအတွက် အလှမ်းဝေးနေပြီး စပိန်ဘုရင့်ဖလားပြိုင်ပွဲမှာတော့ ဆီမီးဖိုင်နယ်ရောက်ရှိနေ ကာ ဆီဗီလာအသင်းကို ရင်ဆိုင်သွားရမှာပါ။
Ref: FootballESPANA
Leave a Reply