
ချဲလ်ဆီးကို (၁-၀)ဂိုးနဲ့ ရှုံးခဲ့တဲ့ပွဲစဥ်မှာ စပါးနည်ပြ မော်ရင်ညိုက ဒိုင်လူကြီး အမ်ဒရူးမာရီနာရဲ့ ကြီးကြပ်ကိုင်တွယ်ပုံကို ဝေဖန်သွားခဲ့ပါတယ်။ မော်ရင်ညိုဟာ အသင်းဟောင်း ချဲလ်ဆီးကို ရှုံးနိမ့်အပြီးမှာတော့ ပရီးမီးယားလိဂ် ၃ ပွဲဆက် ရှုံးပွဲကြုံခဲ့ရပါတယ်။
ဂျော်ဂျင်ဟိုရဲ့ ပထမပိုင်း ပင်နယ်တီကတော့ ချဲလ်ဆီးအတွက် နိုင်ပွဲယူဆောင်နိုင်ခဲ့ပါတယ်။ မော်ရင်ညိုအတွက် ဒီရှုံးပွဲဟာ သူ့ရဲ့နည်းပြဘဝ အိမ်ကွင်း ၂ ပွဲဆက် ရှုံးနိမ့်ခဲ့ရတာဖြစ်ပြီး ပရီးမီးယားလိဂ်ဇယားရပ်တည်မှုမှာလည်း အဆင့် ၈ အထိရောက်သွားတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အားထုတ်ရတော့မှာဖြစ်ပါတယ်။
စပါးနောက်ခံကစားသမား အဲရစ်ဒိုင်ယာဟာ ချဲလ်ဆီးတိုက်စစ်မှူး ဝါနာနဲ့ အနည်းငယ်သာ ထိမိခဲ့ပေမယ့် ပင်နယ်တီအဖြစ် သတ်မှတ်ခံလိုက်ရတာဖြစ်ပါတယ်။
မော်ရင်ညိုဟာ ကစားပွဲအပြီးမှာတော့ ဒိုင်လူကြီး မာရီနာနဲ့ပတ်သတ်ပြီး “ပရီးမီးယားလိဂ်က ဒိုင်လူကြီးတွေထဲမှာ အကောင်းဆုံးအတော်ဆုံး ဒိုင်တစ်ယောက်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော်သူ့အတွက် ဂရုစိုက်ပေးပြီး အရမ်း လေးစားမှုရှိပါတယ်။”လို့ အရွဲ့တိုက် ခနဲသွားခဲ့ပါတယ်။
“ပင်နယ်တီမဟုတ်တာကို ပင်နယ်တီလို့ သတ်မှတ်ခဲ့တယ်။ အဆုံးမှာတော့ အဲ့ပင်နယ်တီကပဲ ကစားပွဲကို အဆုံးအဖြတ်ပေးသွားတယ်။ နောက်ဆုံး ပင်နယ်တီမဟုတ်တာကနေ သူတို့ပင်နယ်တီသွင်းယူသွားခဲ့တယ်။ အဲ့မှာဖြစ်ခဲ့တာက တစ်ယောက်နဲ့တစ်ယောက်ယှဥ်လုပြီး တီမိုကလည်း ဂိုးသွင်းခါနီးဖြစ်လို့ အန္တရာယ်ရှိတဲ့အခြေအနေပါ။ သူလုပ်သင့်တာကိုပဲ လုပ်သွားခဲ့တာ။” လို့ဆိုသွားခဲ့ပါတယ်။
“လက်ခံဖို့ခက်ခဲတဲ့ ပင်နယ်တီဖြစ်ပြီး ဒီလိုရှုံးနိမ့်သွားတာက နည်းနည်းတော့ နာကျင်ရတာပေါ့”လို့ ပြောသွားပါတယ်။
Ref: dailymail
Leave a Reply