
လီဗာပူးလ်အသင်းရဲ့ လက်ရှိစွမ်းဆောင်မှုတွေက သူတို့ရဲ့ ပရီးမီးယားချန်ပီယံဆုကို ကာကွယ်နိုင်တဲ့ အဆင့်မျိုးမဟုတ်ဘူးလို့ နည်းပြ ဂျာဂင်ကလော့ပ်က ဝန်ခံသွားပါတယ်။
ပရီးမီးယားလိဂ်မှာ လေးနှစ်နီးပါးလောက် အိမ်ကွင်းရှုံးပွဲမရှိစံချိန်တင်ခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့လမှာ ဘန်လေကို အိမ်ကွင်းမှာရှုံးခဲ့ပြီး စံချိန်ပျက်သွားခဲ့တဲ့နောက် ယခုတစ်ခါ အိမ်ကွင်းမှာ ဘရိုက်တန်ကို (၀-၁)ဂိုးနဲ့ ထပ်ရှုံးသွားခဲ့ပါတယ်။ ဘရိုက်တန်အတွက်ဂိုးကိုတော့ စတီဗင်အဇိတ်က သွင်းယူပေးခဲ့ပြီး သူ့ရဲ့ ပထမဦးဆုံး ပရီးမီးယားလိဂ်သွင်းဂိုးလည်း ဖြစ်ခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ အိမ်ကွင်းမှာ ၃ ပွဲဆက် ဂိုးပေါက်ပျောက်ဆုံးခဲ့ပြီး ၁၉၈၄ အောက်တိုဘာ နောက်ပိုင်း ပြန်ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ လာမယ့် တနင်္ဂနွေမှာ မန်စီးတီးနဲ့လည်း အိမ်ကွင်းမှာ ယှဥ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။
လီဗာပူးလ်ဟာ နောက်ဆုံး ပရီးမီးယားလိဂ် ၈ ပွဲအတွင်း ၂ ပွဲသာ အနိုင်ရထားတာကြောင့် အဆင့် ၄ မှာရပ်တည်နေရပြီး အဆင့် ၁ က မန်စီးတီး(တစ်ပွဲလျော့)နဲ့ ၇ မှတ်အထိ ကွာဟနေပါတယ်။
မန်စီးတီးနဲ့ အမှတ်ကွာဟချက်ပတ်သက်ပြီး “ကျွန်တော်တို့ ချန်ပီယံဖြစ်ချင်တာပေါ့။ ဒါပေမယ့် အဲ့ဒီအတွက် ကစားပွဲတွေနဲ့ စွမ်းဆောင်ရည်ကောင်းတွေ လိုအပ်တယ်။ ပြီးတော့ ကျွန်တော်တို့မှာ အဲ့ဒါတွေ ရှိမနေဘူး။”လို့ ကလော့ပ်က ပြောသွားပါတယ်။
“ကျွန်တော်တို့ အနိုင်သုံးမှတ်အတွက် တိုက်ခိုက်တယ်။ လာမယ့် တနင်္ဂနွေနေ့မှာ ဘယ်သူက ၃ မှတ်ရသွားမယ်လို့ ဆုံးဖြတ်တာမဟုတ်ဘူး။ ကျွန်တော်တို့ အကောင်းဆုံးကစားရမယ်။ ပြီးတော့ ကျွန်တော်တို့ ကြိုးစားမှာပါ။”
“ဒီကွာဟချက်တွေကို ဒီအချိန်မှာ စိတ်မဝင်စားပါဘူး။ ဒီရလဒ်တွေက ကျွန်တော်တို့ ရခဲ့ပြီးသား ရလဒ်တွေလေ။ ကျွန်တော်တို့ လွှမ်းမိုးလို့ရမယ့်အရာကတော့ နောက်လာမယ့်ပွဲစဥ်ပဲ။ ဒီညပွဲစဥ်ကတော့ ကျွန်တော်တို့ မလုံလောက်ခဲ့ဘူး။ ကျွန်တော်တို့လည်း အဲ့ဒါကို သိနေပြီး ဒါကို ပြောင်းလဲသွားဖို့ လုပ်မှာပါ။”လို့ ပြောသွားပါတယ်။
Ref: dailymail
Leave a Reply