
ရီးယဲလ်မက်ဒရစ်တိုက်စစ်ကစားသမား ဟာဇက်ဟာ ကြွက်သားဒဏ်ရာရရှိခဲ့တာကြောင့် တစ်လနီးပါး အနားယူရမှာဖြစ်ပြီး အတ္တလန်တာနဲ့ ကစားမယ့်ချန်ပီယံလိဂ်ပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။
ဘယ်လ်ဂျီယံလက်ရွေးစင် ဟာဇက်(၃၀နှစ်)ဟာ ၂၀၁၉ခုနှစ်၊ နွေရာသီမှာ ချယ်လ်ဆီးအသင်းကနေ ပေါင် ၈၈သန်းနဲ့ ရောက်ရှိလာပြီးနောက် ဒဏ်ရာပြဿနာတွေနဲ့ရုန်းကန်နေရတာဖြစ်ပါတယ်။
ကြွက်သားဒဏ်ရာကြောင့် အသင်းရဲ့ပွဲစဉ်တွေကိုလွဲချော်တော့မယ့် ဟာဇက်ဟာ ရီးယဲလ်ကစားသမားဘဝမှာ ဒဏ်ရာနဲ့ကြံ့ခိုင်မှုကြောင့် ၉ကြိမ်မြောက် လွဲချော်ရတာလည်းဖြစ်ပါတယ်။
ဟာဇက်ဟာ ဟူဆကာ၊ ဂီတာဖေး၊ ဗလင်စီယာ၊ ဗယ်လာဒိုးလစ်အသင်းတို့နဲ့ကစားရမယ့် ရီးယဲလ်ရဲ့ လာလီဂါပွဲစဉ်တွေကိုလွဲချော်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် သူ့အနေနဲ့ ဖေဖော်ဝါရီ ၂၄ရက်မှာ အတ္တလန်တာအသင်းနဲ့ကစားမယ့် ချန်ပီယံလိဂ် ၁၆သင်းအဆင့်ပွဲစဉ် ပထမအကျော့ကိုလည်း လွဲချော်ဖွယ်ရှိနေပါတယ်။
ဟာဇက်ဟာ ရီးယဲလ်အသင်းကိုစရောက်တဲ့ရာသီမှာ ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့ပြီးနောက် ကြံ့ ခိုင်မှုပုံမှန်အနေအထား ပြန်မရတော့ဘဲ တင်ပါးဒဏ်ရာ၊ ကြွက်သားဒဏ်ရာတွေနဲ့ ရုန်းကန်နေရတာဖြစ်ပါတယ်။
Goal.com
Leave a Reply