
အာဆင်နယ်အသင်းနည်းပြ အာတီတာက ပြီးခဲ့တဲ့ညက ကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ အဲဗာတန်အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းရဲ့လက်ရှိအခြေအနေကိုထိန်းချုပ်ဖို့ ခက်ခဲနေပြီလို့ ဝန်ခံခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ အဝေးကွင်းမှာ အဲဗာတန်ကို နောက်ခံလူဟိုးလ်ဒင်းရဲ့ Own Goal အပါအဝင် (၂-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒါဟာ အာဆင်နယ်အတွက် လိဂ်နောက်ဆုံး ၇ပွဲ ဆက် နိုင်ပွဲပျောက်ဆုံးခဲ့တာဖြစ်ပြီး ဒီရာသီ ၁၄ ပွဲ ကစားခဲ့ရာမှာလည်း ၈ပွဲမြောက်ရှုံးပွဲကြုံခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အာဆင်နယ်အသင်းဟာ ရမှတ် ၁၄မှတ်သာ ရရှိထားတာကြောင့် ၁၉၇၄-၇၅ ရာသီနောက်ပိုင်း အဆိုးရွားဆုံး ရာသီအစကို ကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။
အဲဗာတန်နဲ့ပွဲအပြီး အာတီတာက ” ကျွန်တော့် ကစားသမားတွေအတွက်တော့ စိတ်မကောင်းပါဘူး။ သူတို့ဟာ တကယ့်တိုက်ပွဲဝင်စိတ်ဓာတ် အပြည့်နဲ့ကစားခဲ့တာပါ။ ကျွန်တော်တို့ ရလဒ်မကောင်းခဲ့တဲ့ပွဲတွေကို သုံးသပ်ရမယ်ဆိုရင် ဂိုးရလဒ်က ပြတ်သားတဲ့အနေအထားမျိုးမဟုတ်ပါဘူး။ တချို့ပွဲတွေမှာ ကံတရားက မျက်နှာသာ မပေးခဲ့ဘူး။ OG တွေ၊ အနီကတ်တွေ မကြာခဏမြင်တွေ့နေရတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ဒီရလဒ်မျိုးတွေကို အမြန်ဆုံးပြောင်းလဲပစ်ဖို့ လိုအပ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိအသင်း ရဲ့အခြေအနေဟာ ထိန်းချုပ်ဖို့ခက်ခဲတဲ့ အနေအထားကို ရောက်ရှိနေလို့ပါ” လို့ သတင်းထောက်တွေကို ဖြေကြားခဲ့ပါတယ်။
အာတီတာဟာ အဲဗာတန်နဲ့ကစားတဲ့ပွဲနေ့မှာ အာဆင်နယ်နည်းပြဘဝ တစ်နှစ်ပြည့်မြောက်ခဲ့ ပြီး ရှုံးပွဲကြုံခဲ့ရတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အာဆင်နယ်အသင်းဟာ ၁၄ပွဲကစားခဲ့ရာမှာ ရမှတ် ၁၄မှတ်သာရရှိထားပြီး တန်းဆင်းဇုန်နဲ့ ၄မှတ်အကွာ အဆင့် ၁၅နေရာမှာ ရပ်တည်လျက်ရှိပါတယ်။
Ref:Daily Mail
Leave a Reply