ဗဟိုနောက်ခံလူသစ် ၂ဦးကို ကလော့ပ်ချီးကျူးခဲ့ပြီး ဘရိုက်တန်နဲ့ပွဲမှာ အနားပေးသွားမယ်လို့ ဆို

လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်က အသစ်ခေါ်ယူထားတဲ့ ဗဟိုနောက်ခံလူ ၂ဦးကို ချီးကျူးခဲ့ပြီး ဒီညကစားမယ့် ဘရိုက်တန်နဲ့ပွဲမှာ အနားပေးသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ပရက်စတန်အသင်း နောက်ခံလူဘင်ဒေဗီးစ်နဲ့ ရှော်လ်ကေးအသင်း နောက်ခံလူ အိုဇန်ကာဘက်တို့ကို ခေါ်ယူခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ဗန်ဒိုက်၊ ဂိုးမက်ဇ်၊ မာတစ်တို့ ၃ဦးစလုံးဒဏ်ရာရရှိထားတာကြောင့် ဗဟိုနောက်ခံလူနေရာအတွက် လူငယ်ခြေတက် ၂ဦးကိုခေါ်ယူခဲ့တာဖြစ်ပါတယ်။ ကလော့ပ်က ရောက်ရှိလာတဲ့ ကစားသမားတွေနဲ့ပတ်သက်ပြီး ကျေနပ်ပျော်ရွှင်မိပေမယ့် အချိန်ပေးဖို့ လိုအပ်နေသေးတာကြောင့် လာမယ့်ပွဲမှာ အနားပေးသွားမယ်လို့ ပြောဆိုခဲ့တာပါ။

ကလော့ပ်က” သူတို့အတွက် အချိန်လုံလုံလောက်လောက်မရသေးဘူး။ ဇန်နဝါရီအပြောင်းအရွှေ့ကို ကျွန်တော်မကြိုက်တာ အဲဒါကြောင့်ပဲ။ မနေ့က ရောက်လာတယ်။ မနက်ဖြန်ပွဲကစားရမယ်ဆိုတော့ သူတို့အတွက် အဆင်မပြေနိုင်ဘူး။ သူတို့ကို ရက်အနည်းငယ်အချိန်ပေးရတယ်လို့ ထင်ပါတယ်။ အခုဆိုရင် ဗဟိုနောက်ခံနေရာမှာ ရွေးချယ်စရာပိုရှိလာတယ်။ အဲဒီအတွက် ပျော်ရွှင်မိပါတယ်။”

 

“ဘင်ဒေဗီးစ်ကတော့ စိတ်ဝင်စားစရာခေါ်ယူမှုပါပဲ။ ကျွန်တော် ဥရောပတစ်ခွင်ကိုကြည့်လိုက်တယ်။ ဘင်ဒေဗီးစ်ကိုပဲ တွေ့တယ်။ သူက ခံစစ်ကို ကောင်းကောင်းကစားနိုင်တယ်။ ကာဘက်ကတော့ ဝက်ဂ်နာ(ရှော်လ်ကေးနည်းပြဟောင်း) ပြောပြောနေတဲ့ ကောင်လေးပါ။ သူ့အသက်က ၂၀ပဲရှိသေးတယ်။ ပရော်ဖက်ရှင်နယ်အဖြစ် ၄ရာသီ ကစားထားတယ်။ သူ အများကြီးတိုးတက်လာဦးမှာပါ” လို့ ဆိုခဲ့တယ်။

လီဗာပူးလ်အသင်းဟာ အန်ဖီးလ်မှာ ဘရိုက်တန်အသင်းကိုလက်ခံကစားရမှာဖြစ်ပြီး ၃ပွဲဆက် ပရီးမီးယားလိဂ်နိုင်ပွဲရယူနိုင်မလား စောင့်ကြည့်သွားရမှာပါ။

Ref:Liverpoolecho

Be the first to comment

Leave a Reply

Your email address will not be published.


*