
အာဆင်နယ်အသင်းဟာ ဖေဖော်ဝါရီလအတွင်း ဘင်ဖီကာအသင်းနဲ့ ကစားရမယ့် ယူရိုပါလိဂ် ၃၂သင်း အဆင့်ပွဲစဉ်တွေကို ဗြိတိန်ရဲ့ကိုဗစ်စည်းမျဉ်းကြောင့် ကြားကွင်းမှာ တစ်ကျော့တည်းကစားရဖွယ် ရှိနေတယ်လို့ သိရပါတယ်။
အာဆင်နယ်ဟာ လာမယ့် ဖေဖော်ဝါရီ ၁၈ရက်နေ့မှာ ပထမအကျော့အဖြစ် ဘင်ဖီကာကို ပေါ်တူဂီမြေမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ပြန်လာပါကအသင်းအဖွဲ့သားအားလုံး ၁၀ရက် ကွာရန်တင်းဝင်ရမှာပါ။
ဗြိတိန်အစိုးရဟာ ကိုဗစ်ရောဂါပြန့်ပွားမှုကိုထိန်းချုပ်နိုင်ရန်အတွက် ပြည်ပနိုင်ငံတွေက ပြန်လာသူတွေကို ၁၀ရက်အသွားအလာကန့်သတ်ကာ ရောဂါအခြေအနေ စောင့်ကြည့်တဲ့ စည်းမျဉ်းကိုကျင့်သုံးလျက်ပါတယ်။
ဒါကြောင့် အာဆင်နယ်အသင်းအနေနဲ့ ပေါ်တူဂီက ပြန်လာပါက ၁၀ရက်ကွာရန်တင်းဝင်ရမှာဖြစ်လို့ သူတို့ရဲ့ပရီးမီးယားလိဂ်ပွဲစဉ်တွေကိုပါ ရွှေ့ဆိုင်းရမယ့်အခြေအနေ ဖြစ်ကုန်ပါလိမ့်မယ်။
ဘင်ဖီကာအသင်းဟာလည်း ဖေဖော်ဝါရီ ၂၅ရက်မှာ အာဆင်နယ်နဲ့ ဒုတိယအကျော့ရင်ဆိုင်ရမယ့်ပွဲအတွက် ဗြိတိန်ကိုရောက်လာပြီးနောက် ၁၀ရက် ကွာရန်တင်းဝင်ရမှာဖြစ်လို့ အခက်အခဲရှိနေပြန်ပါတယ်။
UEFA ရဲ့စည်းမျဉ်းသစ်မှာ ဘောလုံးကလပ်တွေအနေနဲ့ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ရှုံးထွက်အဆင့်ပွဲစဉ်တွေကို ခိုင်လုံတဲ့အကြောင်းပြချက်ရှိပါက ကြားကွင်းမှာကစားခွင့်ရှိတယ်လို့ ဖော်ပြထားပါတယ်။
UEFA က ပြိုင်ပွဲဝင်အသင်းတွေအနေနဲ့ ပွဲရွှေ့ဆိုင်းခြင်း၊ ဥရောပနိုင်ငံတစ်နိုင်ငံရဲ့ ကြားကွင်းမှာကစားခြင်း၊ နှစ်ကျော့ ဒါမှမဟုတ် တစ်ကျော့တည်းကစားခြင်း စတဲ့အချက်တွေကို ခိုင်လုံတဲ့အကြောင်းပြချက်အပေါ်မူတည်ကာ တောင်းဆိုနိုင်တယ်လို့ ခွင့်ပြုထားပါတယ်။
အာဆင်နယ်အသင်းကတော့ ကြားကွင်းတွေမှာ နှစ်ကျော့ကစားဖို့ UEFA ဆီတောင်းဆိုတင်ပြသွားဖွယ်ရှိနေပြီး လီဗာပူးလ်နဲ့ လိုက်ပ်ဇစ်တို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်ဟာလည်း အလားတူအခြေအနေမျိုးရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
Ref: Daily Mail
Leave a Reply