
မန်ယူအသင်းကွင်းလယ်လူဟောင်း ပေါလ်စခိုးလ်က ပရီးမီးယားလိဂ်ကြီး ၆ကြီးအသင်းတွေနဲ့ တွေ့ဆုံတိုင်း ရုန်းကန်နေရတဲ့ ဘရူနိုဖာနန်ဒက်စ်ရဲ့ခြေစွမ်းဟာ အသင်းအတွက်စိုးရိမ်စရာဖြစ်တယ်လို့ ဝေဖန်သွားခဲ့ပါတယ်။
ပေါ်တူဂီကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ဟာ နောက်ဆုံးကစားခဲ့တဲ့ အာဆင်နယ် ၀-၀ မန်ယူပွဲစဉ်မှာ ခြေစွမ်းမပြနိုင်ခဲ့တာကြောင့် ပေါလ်စခိုးလ်ဝေဖန်ခဲ့တာလည်း ဖြစ်ပါတယ်။
ဘရူနိုဖာနန်ဒက်စ်(၂၆နှစ်)ဟာ ပြီးခဲ့တဲ့နှစ်ဇန်နဝါရီမှာ မန်ယူအသင်းကို ပြောင်းရွှေ့ကြေးပေါင် ၄၉သန်းနဲ့ စပို့တင်းလစ္စဘွန်းကနေ ရောက်ရှိလာပြီးနောက် အသင်းအတွက်ပြိုင်ပွဲစုံ ၅၃ပွဲ ပါဝင်ကစားထားပြီး ၂၈ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၁၈ကြိမ် ပြုလုပ်ပေးထားပါတယ်။
ဒါပေမဲ့ ဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကြီး ၆ကြီးအသင်းတွေနဲ့ တွေ့ဆုံခဲ့တဲ့နောက်ဆုံး ၆ပွဲ အနက် မန်ယူ ၁-၆ စပါးပွဲမှာ ပင်နယ်တီကနေ တစ်ဂိုးသာသွင်းယူနိုင်ခဲ့ပြီး ကျန်ပွဲတွေမှာ ဂိုးမရခဲ့ပါဘူး။
ဖာနန်ဒက်စ်ဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ချယ်လ်ဆီး၊ မန်စီးတီး၊ လီဗာပူးလ်၊ စပါး၊ အာဆင်နယ်(၂ကြိမ်)တို့နဲ့ တွေ့ဆုံခဲ့ရာမှာ ခြေစွမ်းမပြနိုင်တာကြောင့် ပေါလ်စခိုးလ်က ဝေဖန်ခဲ့တာပါ။
ပေါလ်စခိုးလ်က” ရှက်ဖီးယူနိုက်တက်နဲ့ပွဲမှာ ရုန်းကန်ခဲ့ရလို့ သူတို့က အနိုင်ယူသွားခဲ့တယ်။ တကယ်အရေးကြီးတာက ထိပ်တန်းပြိုင်ဘက်တွေနဲ့ တွေ့ဆုံတဲ့ပွဲတွေပါ။ အဲဒီလိုပွဲတွေကို အနိုင်ကစားရမယ်။ အသင်းက အဲဒီလိုပွဲကြီးပွဲကောင်းတွေမှာ ဘယ်လိုအနိုင်ကစားရမှန်းမသိ ဘူးဖြစ်နေတယ်။”
“ဘရူနိုဖာနန်ဒက်စ်က ကြီး ၆ကြီးနဲ့တွေ့ဆုံတဲ့ပွဲတိုင်း စိတ်ပျက်စရာအနေအထားတွေပဲ ကြုံခဲ့ရတယ်။ သူက ဂိုးသွင်းအများကြီးသွင်းထားတယ်။ ဂိုးဖန်တီးမှုတွေလည်းအများကြီးပြုလုပ် ထားတယ်။ ဒါပေမဲ့ အသင်းကြီးတွေနဲ့တွေ့ဆုံတဲ့နောက်ဆုံး ၅ပွဲလောက် သူဂိုးလည်းမသွင်းနိုင်၊ ဂိုးဖန်တီးမှုလည်း မလုပ်နိုင်ခဲ့ဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဒါက တကယ့်စိုးရိမ်စရာပါ။ အသင်းအနေနဲ့ လက်ရှိရပ်တည်မှုက ကောင်းမွန်ပါတယ်။ ဒါပေမဲ့ ချန်ပီယံရယူနိုင်တဲ့ ရပ်တည်မှုမဟုတ်ပါဘူး” လို့ ဆိုခဲ့တယ်။
Ref: goal.com
Leave a Reply