မန်ယူနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ပိုင်ရှင်တွေ ဥရောပစူပါလိဂ် စီမံကိန်းကို တိတ်တဆိတ် ပူးပေါင်းလုပ်ဆောင်ပြီး ဘောလုံးလောကကို ဖျက်ဆီးနေတယ်လို့ စွပ်စွဲပြစ်တင်လိုက်တဲ့ လာလီဂါအဖွဲ့ချုပ်ဥက္ကဌ ဂျာဗီယာ တီဘက်စ်

လာလီဂါ အဖွဲ့ချုပ် ဥက္ကဌ ဂျာဗီယာ တီဘက်စ်က မန်ယူအသင်းနဲ့ လီဗာပူးလ်အသင်းပိုင်ရှင်တို့ကို FIFA နဲ့အတူ တိတ်တဆိတ် ဘောလုံးလောကကို ဖျက်ဆီးနေတယ်လို့ စွပ်စွဲပြောဆိုလိုက်ပါတယ်။

မန်ယူအသင်းပိုင်ရှင် အမေရိကန်နိုင်ငံသား ဂျိုးဂလာဇာနဲ့ လီဗာပူးလ်အသင်းပိုင်ရှင် ဂျွန်ဟင်နရီတို့က တန်ကြေး ၄.၆ဘီလျှံရှိတဲ့ ဥရောပ စူပါလိဂ်တစ်ခုကို ရေးဆွဲနေတဲ့အစီအစဥ်မှာ ပါဝင်ပတ်သက်နေတယ်လို့ သိရပါတယ်။

ဒီစီမံကိန်းကို အစကတည်းက FIFA နောက်ခံနဲ့ ပြုလုပ်နေပြီး UEFA ချန်ပီယံလိဂ်နဲ့ အပြိုင်ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် FIFA က သူကိုယ်တိုင် ဒီအစီစဥ်နဲ့ ခပ်ကင်းကင်း ခွာနေနေပါတယ်။

တကယ်လို့ ဥရောပစူပါလိဂ် တကယ်ဖြစ်မြောက်လာရင် စပိန်ထိပ်သီးအသင်းတွေဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့က ခွဲထွက်မယ့်အသင်းတွေထဲမှာ ပါဝင်နိုင်ပြီး ဒီပရော်ဂျက်ထဲမှာ ရီးယဲလ်မက်ဒရစ် ဥက္ကဌ ပီရက်ဇ်လည်း ပါဝင်ပတ်သက်နေပါတယ်။

တီဘက်စ်ဟာ အဲ့ဒီစီမံကိန်းမှာ FIFA ဥက္ကဌ အင်ဖန်တီနိုအပါအဝင် ပါဝင်တဲ့သူအားလုံးကို ဒေါသထွက်ပေါက်ကွဲခဲ့ပြီး “ဒါဟာ ဘောလုံးလောကအတွက် ဘေးအန္တရာယ် ဖြစ်မှာပါ။ ဒါဟာ ဥရောပ ဘောလုံး ဂေဟစနစ်နဲ့ ကစားပွဲတွေ မျှခြေဖြစ်မှုကို ပျက်စီးစေမှာပါ။”လို့ The Sun ကို ပြောသွားပါတယ်။

“ဒီ နောက်ကွယ်က စီမံကိန်းအားလုံးကို အစပြုခဲ့တဲ့သူတွေက အင်ဖန်တီနိုနဲ့ ပီရက်ဇ်ပဲဖြစ်ပါတယ်။ ဒါပေမယ့် ဂလာဇာနဲ့ ဟင်နရီတို့လည်း ပါဝင်ပတ်သက်ပြီး တွေ့ဆုံမှုတွေ လုပ်ခဲ့ကြပါတယ်။ အောက်တိုဘာကတည်းက အခုမထွက်ပေါ်လာခင်အထိ သူတို့အားလုံးဟာ ဒါကို လျှို့ဝှက်ထားကြပါတယ်။”

ဆက်လက်ပြီး“ဒီပြိုင်ပွဲထဲ ဥရောပလိဂ်တွေမှာ ဦးဆောင်တဲ့ အသင်း ၁၆ သင်းကနေ ၂၀ အထိ ပါဝင်မှာဖြစ်ပြီး ပရီးမီးယားလိဂ် Big Six (ကြီးခြောက်ကြီး)အသင်းလည်း အပါအဝင်ဖြစ်ပါတယ်။”

“သူတို့ ဒီပြိုင်ပွဲထဲကို ပါဝင်နိုင်တာနဲ့တင် ပေါင် သန်း ၃၀၀ အထက် ရရှိမှာဖြစ်ပြီး အနည်းဆုံး တစ်ရာသီကို ပေါင် သန်း ၁၃၀ လောက်ရရှိမှာဖြစ်ပါတယ်။”

“ဒီစူပါလိဂ် စီမံကိန်းက ချန်ပီယံလိဂ်ကို ပျက်ဆီးစေမှာပါ။ ဒါက သူတို့ဖြစ်စေချင်တဲ့ အရာပဲ။ ချန်ပီယံလိဂ်က ပျောက်ကွယ်သွားမယ်။ ပိုက်ဆံလည်းထွက်လာမယ်။ သူတို့က ဒီဟာတွေအားလုံးကို သူတို့ကြားထဲမှာပဲ ခွဲယူချင်နေကြတာပါ။”လို့ ဆိုသွားပါတယ်။

Ref: dailymail

Be the first to comment

Leave a Reply

Your email address will not be published.


*