၃ နေရာအထိ ကစားနိုင်တဲ့ အသင်းခေါင်းဆောင် ဟန်ဒါဆန်ကို ချီးကျူးမှုပြုလုပ်သွားတဲ့ နည်းပြ ဂျာဂင်ကလော့ပ်

လီဗာပူးလ်အသင်း ခံစစ်ပိုင်းကစားသမား ဒဏ်တွေနဲ့ အကျပ်အတည်းဖြစ်တဲ့အချိန် အကောင်းဆုံး အသင်းအတွက် ကူညီပေးတဲ့ အသင်းခေါင်းဆောင် ဟန်ဒါဆန်ကို နည်းပြ ဂျာဂင်ကလော့ပ်က ချီးကျူးသွားခဲ့ပါတယ်။

ကလော့ပ်ဟာ ဒဏ်ရာရခံစစ်ကစားသမားတွေဖြစ်ကြတဲ့ ဗန်ဒိုက်၊ ဂျိုးဂိုမက်ဇ်နဲ့ မာတစ်တို့နေရာအစား ဟန်ဒါဆန်ကို ကစားစေဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ရလဒ်ပိုင်းက အထင်ကြီးစရာဖြစ်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ဟန်ဒါဆန်ဟာ သူ့ကစားသမားဘဝကို ကွင်းလယ်တိုက်စစ် ကစားသမားအဖြစ် စတင်ခဲ့တာဖြစ်ပါတယ်။

အပြောင်းအရွှေ့စျေးကွက် နောက်ဆုံးရက်ဖြစ်တဲ့ တနင်္လာနေ့မတိုင်ခင် ခံစစ်တစ်ယောက်ထပ်ခေါ်မယ်လို့ ဆိုထားပေမယ့်လည်း လာမယ့် ဝက်စ်ဟမ်းနဲ့ ပရီးမီးယားလိဂ်ပွဲစဥ်ကို ဟန်ဒါဆန်က ဆက်လက်ပြီး ခံစစ်နေရာကနေ ဝင်ရောက်ကစားပေးရမှာဖြစ်ပါတယ်။ ဖာဘင်ညိုကတော့ နောက်တစ်ပတ်မှာ ကစားမယ့် မန်စီးတီးနဲ့ပွဲစဥ်မတိုင်ခင်အထိ ပါဝင်ကစားနိုင်ဦးမှာမဟုတ်ပါဘူး။

အခုအခြေအနေအရ ဟန်ဒါဆန်ဟာ ခံစစ်ကစားသမား ဖီးလ်လစ် ဒါမှမဟုတ် ဝီလီယံတို့နဲ့အတူ ဝက်စ်ဟမ်းပွဲစဥ်မှာ တွဲဖက်ပွဲထွက်ကစားသွားရမှာဖြစ်ပါတယ်။ ဗန်ဒိုက်နဲ့ ဂိုမက်ဇ် ဒီရာသီကုန်အထိ ပါဝင်ကစားနိုင်ဖို့ မသေချာပါဘူး။

“ဟန်ဒိုက တကယ်တမ်း နံပါတ် ၈ (ကွင်းလယ်တိုက်စစ်)ကနေ နံပါတ် ၆ (ကွင်းလယ်ခံစစ်) နောက်ဆုံး နံပါတ် ၄ (ဗဟိုခံစစ်) အထိ ပြောင်းကစားပေးတာကို ကျွန်တော်တို့ မေ့မထားသင့်ပါဘူး။ သူ အဲ့နေရာတွေ အားလုံး ကစားနိုင်တာကိုက သူ့ကို အရမ်းထူးခြားတဲ့သူ ဖြစ်စေတာပါ။”လို့ ကလော့ပ်က ပြောသွားပါတယ်။

“သူ့ရဲ့ ကြံ့ခိုင်မှုအပိုင်းကတော့ သိတဲ့အတိုင်းပါပဲ။ ဒါပေမယ့် နံပါတ် ၈ (ကွင်းလယ်တိုက်စစ်) ကစားတဲ့သူအတွက်တော့ ဒီလိုခံစစ်နေရာကို ကစားနိုင်တယ်ဆိုတာက သူ ဘောလုံးအရာမှာ ဘယ်လောက်တောင် တော်လဲဆိုတာ ပြလိုက်တာပါပဲ။ ဘာလို့လဲဆိုတော့ ဒီနေရာက လုံးဝကို မတူညီတဲ့နေရာ ဖြစ်နေတာကြောင့်ပေါ့။”

“တချို့ အသင်းကျတော့ နံပါတ် ၆ (ကွင်းလယ်ခံစစ်) ကို အနောက်ထိ ဆင်းကစားပြီး နောက်တန်းမှာ ၃ ယောက်လိုမျိုးဖြစ်သွားတာပေါ့။ ပြီးတော့ တောင်ပံကစားသမားတွေပေါ့။ အဲ့လိုကစားတာဟာ ကစားသမားအကူးအပြောင်းလုပ်ရတာ တကယ်လွယ်ကူပေမယ့် ကျွန်တော်တို့ တခါမှ မဆော့ဖြစ်ခဲ့ပါဘူး။ ကျွန်တော်တို့ နံပါတ် ၆ သမားကို တခြားနည်းလမ်းအတိုင်း ကစားစေပါတယ်။”လို့ ပြောသွားပါတယ်။

“ကျွန်တော်သူ့ကို ကစားသမားဘဝမှာ ကြာကြာကစားနိုင်ဖို့ ဆုတောင်ပေးလိုက်ပါတယ်။ သူ ကစားနိုင်တဲ့ နေရာတွေထဲမှာ ဗဟိုခံစစ်လည်းပါတယ်။ သူ အဲ့နေရာကို ကစားနိုင်တဲ့အတွက်ကြောင့် ကျွန်တော်တို့အားလုံး ကျေးဇူးတင်တယ်”လို့ ပြောသွားပါတယ်။

Ref: dailymail

Be the first to comment

Leave a Reply

Your email address will not be published.


*