
လာမယ့်နွေရာသီမှာ အသင်းနဲ့သက်တမ်းကုန်ဆုံးမယ့် မက်ဆီရဲ့စာချုပ်အတွက် ဘာစီလိုနာအသင်းအနေနဲ့ ပေါင် ၄၉၂သန်း (ယူရို ၅၅၅,၂၃၇,၆၁၉)အထိ ကုန်ကျလိမ့်မယ်လို့ စပိန်အားကစားသတင်းစာ El Mundo က ဖွင့်ချ ရေးသားခဲ့ပါတယ်။
El Mundo ရဲ့ဖော်ပြချက်အရ ၂၀၁၇ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ ဒီစာချုပ်ဟာ လစာ၊ ပုံရိပ်အသုံးပြုခွင့်၊ အခွန်နဲ့ အခြားဆုကြေးတွေအပါအဝင် ပေါင် ၄၉၂သန်း (ယူရို ၅၅၅,၂၃၇,၆၁၉) အထိ တန်ကြေးရှိတယ်လို့ သိရပါတယ်။
အသက် ၃၃နှစ်ရှိပြီဖြစ်တဲ့ အာဂျင်တီးနားတိုက်စစ်ကစားသမား မက်ဆီဟာ အဲဒီ ၄နှစ်စာချုပ်မှာ လစာအနေနဲ့ တစ်နှစ်ပေါင် ၁၂၂သန်းအထိ ရရှိဖို့သဘောတူညီထားတာဖြစ်တယ်လို့လည်း El Mundo က ဖွင့်ချခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ ဒီလအစောပိုင်းက တစ်နှစ်တာဘဏ္ဍာရေးစာရင်းကိုထုတ်ပြန်ခဲ့ရာ ပေါင် ၁ ဘီလီယံအထိ အကြွေးတင်နေတယ်လို့ သိရပါတယ်။ ကိုဗစ်ကြောင့် အသင်းဝင်ငွေများစွာထိခိုက်ခဲ့တဲ့ ဘာစီလိုနာအသင်းဟာ ဒီလ ၂၁ရက်မှာ ကျင်းပဖို့စီစဉ်ထားတဲ့ အသင်းဥက္ကဌရွေးကောက်ပွဲကိုလည်း မတ်လ ၇ရက်မှာမှ ကျင်းပမယ်လို့ ရက်ရွှေ့ဆိုင်းခဲ့ပါတယ်။
ဘာစီလိုနာအသင်းအနေနဲ့ ကာလတိုအတွင်း အကြွေး ပေါင် ၆၃၈သန်းပေးချေရဖို့ရှိနေပြီး အဲဒီထဲက ၂၃၆သန်းကို လာမယ့်ဇွန်လမကုန် မီပေးချေရမှာဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် ဘဏ္ဍာရေးအကျပ်အတည်းကြုံတွေ့ နေရတဲ့ ဘာစီလိုနာအသင်းအနေနဲ့ ဇွန်လကုန်မှာ မက်ဆီထွက်ခွာခဲ့မယ်ဆိုရင် စာချုပ်ပါငွေကြေးကို အပြီးသတ်ပေးချေရမှာဖြစ်လို့ ဘယ်လိုဖြေရှင်းမလဲဆိုတာ စောင့်ကြည့်ရတော့မှာပါ။
Ref: Daily Mail
Leave a Reply