အာဆင်နယ်နဲ့ပွဲစဥ်မှာ ဂိုးမရှိသရေပွဲကျပြီးနောက် မန်ယူအသင်းကို ကြောက်ရွံ့နေတဲ့အသင်းလို့ ရွိုင်ကိန်းနဲ့ ကာရေဂါတို့ ဝေဖန်

ရွိုင်ကိန်းနဲ့ ကာရေဂါဟာ မန်ယူနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ပျင်းရိငြီးငွေ့ဖွယ်ကစားပွဲအပေါ် ပေါက်ကွဲလိုက်ပြီး မန်ယူနည်းပြ ဆိုးလ်ရှားရဲ့အသင်းကို ကြောက်ရွံ့နေတဲ့အသင်းလို့ ဆိုလိုက်ပါတယ်။

မန်ယူအသင်းဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်က ရှက်ဖီးယူနိုက်ကို (၂-၁)ဂိုးနဲ့ အိုးထရက်ဖို့ဒ်မှာ ရှုံးနိမ့်ခဲ့ပြီး အခု အာဆင်နယ်နဲ့ပွဲစဥ်မှာ အနိုင်ရဖို့ ကြိုးစားအားထုတ်ခဲ့ကြပေမယ့် မန်ယူတို့ ဂိုးမရှိသရေရလဒ်နဲ့သာ ပြီးဆုံးသွားခဲ့ပါတယ်။

ပွဲစဥ်မှာ မန်ယူတိုက်စစ်မှူး ကာဗာနီက အပိုင်အခွင့်အရေး ၂ ကြိမ်ရခဲ့ပေမယ့်လည်း အသုံးမချနိုင်ခဲ့တာကြောင့် နှစ်သင်းစလုံး ၁ မှတ်စီ ခွဲယူလိုက်ရပါတယ်။

ရွိုင်ကိန်းဟာ သူ့အသင်းဟောင်း မန်ယူအသင်းက ပရီးမီးယားလိဂ်ဖလားကိုရယူနိုင်ဖို့ ရလာတဲ့အခွင့်အရေးကို အသုံးချပြီး မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းကို ဖိအားပေးဖို့ ပျက်ကွက်ခဲ့တာကြောင့် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ ပါတယ်။

ရွိုင်ကိန်းက “မန်ယူအသင်းနဲ့ပတ်သက်ပြီး ကျွန်တော်ခေါင်းကုတ်နေရတယ်။ ကျွန်တော် စိုးရိမ်စိတ်နဲ့ ကြည့်နေရပြီး သူတို့ ဒီပွဲမှာအနိုင်ရမယ်ဆိုတဲ့ ယုံကြည်ချက် မရှိသလောက်ဖြစ်နေတယ်။”လို့ sky sports ကို ပြောသွားပါတယ်။

“ပွဲကစားတဲ့ပုံစံက အာရုံစူးစိုက်မှု မရှိဘူး။ ခင်ဗျားအနေနဲ့ အကြောင်းပြချက်ပေးလို့ရတယ်။ ဒါပေမယ့် တကယ်ကို အရည်အချင်းပိုင်းမှာရော အနိုင်ယူနိုင်ဖို့ ယုံကြည်ချက်တွေ ပျောက်ဆုံးနေပါတယ်။ အာဆင်နယ်ကတော့ အမှတ်အတွက် ထိုက်တန်ခဲ့ပါတယ်။”လို့ ပြောသွားပါတယ်။

ကာရေဂါက “ကျွန်တော့်အတွက် မန်ယူက ပုံမှန်လေး အန်းဖီးလ် ဒါမှမဟုတ် အာဆင်နယ်ကို သွားရောက်ယှဥ်ပြိုင်ရာမှာ အမှတ်ရလာခဲ့တာက ဆိုးရွားတဲ့ ရလဒ်တော့မဟုတ်ဘူးလို့ မြင်တယ်။ မန်ယူပရိသတ်အနေနဲ့ဆိုရင်တော့ ဗုဒ္ဓဟူးနေ့က ရှုံးပွဲထက် ဒီနေ့ပွဲက ပိုပြီးစိတ်ဆိုးစရာကောင်းနေမှာပါ။”

“မန်စီးတီးမှာ တိုက်စစ်ကစားသမား မရှိဘူး။ လီဗာပူးမှာ ခံစစ်သမားမရှိဘူး။ အာဆင်နယ်က ဒီပွဲမှာ သူတို့ရဲ့ အကောင်းဆုံး ကစားသမား ၃ ယောက် လွဲချော်ထားတယ်။ မန်ယူမှာ အကောင်းဆုံး အခွင့်အလန်းရှိနေပြီး အနိုင်ရအောင် တိုက်ပွဲဝင်ကြိုးစားသွားတဲ့ ပုံစံလည်း ကျွန်တော်မတွေ့ခဲ့ဘူး။ အဲ့ဒီအဆင့်မှာနေရတာကိုက သူတို့အတွက် ပျော်နေသလိုမျိုး ဖြစ်နေပါတယ်။” လို့ ပြောသွားခဲ့ပါတယ်။

မန်ယူအသင်းဟာ အာဆင်နယ်နဲ့ သရေပွဲကြောင့် အဆင့် ၁ မန်စီးတီး(တစ်ပွဲလျော့)ကို ၃ မှတ်အကွာ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

Ref: dailymail

Be the first to comment

Leave a Reply

Your email address will not be published.


*