ဘာစီလိုနာအသင်းဟာ လက်ရှိမှာဆုဖလားတွေရယူနိုင်တဲ့ အခြေအနေမရှိသေးဘူးလို့ ဝန်ခံခဲ့တဲ့ ရော်နယ်လ်ကိုးမန်း

ဘာစီလိုနာအသင်းနည်းပြ ရော်နယ်လ်ကိုးမန်းက အသင်းရဲ့လက်ရှိအနေအထားဟာ ဆုဖလားတွေ ရယူနိုင်တဲ့ အခြေအနေမရှိသေးဘူးလို့ ဝန်ခံပြောဆိုခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ လာလီဂါချန်ပီယံဆုကို ၄ကြိမ်ဆက်ရရှိဖူးတဲ့အသင်းဖြစ်ပေမယ့် ဒီရာသီမှာ အသင်းရဲ့ ဘဏ္ဍာရေးအကျပ်အတည်းနဲ့အတူ ခြေစွမ်းပိုင်းပါ ကျဆင်းသွားခဲ့ပြီး လက်ရှိမှာ ဇယားထိပ်က အက်သလက်တီကိုနဲ့ ၁၀မှတ်အထိ ကွာဟနေပါတယ်။

ဘာစီလိုနာအသင်းဟာ စပိန်စူပါဖလားဗိုလ်လုပွဲမှာ ဘီလ်ဘာအိုအသင်းကိုရှုံးနိမ့်ခဲ့လို့ ဒီရာသီ ပထမဆုံးဆုဖလားရယူနိုင်မယ့်အခွင့်အရေးကိုလည်း လက်လွတ်ခဲ့ရပါတယ်။

ရော်နယ်လ်ကိုးမန်းက “ကျွန်တော် မကြာခဏ ပြောခဲ့ဖူးသလိုပါပဲ။ ဒီရာသီဟာ အသင်းမှာ အပြောင်းအလဲများစွာ ပြုလုပ်နေရပြီး လူငယ်တွေအတွက်လည်း ကစားခွင့်ပိုမိုပေးနေရတဲ့ရာသီပါ။ အခုအချိန်မှာ ဘာစီလိုနာအသင်းအနေနဲ့ ဆုဖလားတွေအတွက် အဆင်သင့်မဖြစ်သေးပါဘူး။”

“လက်ရှိအနေအထားကနေ ရလဒ်ပိုင်းတည်ငြိမ်လာဖို့ ကြိုးစားတည်ဆောက်ရဦးမှာပါ။ ဒါက ကစားသမားတစ်ဦးတစ်ယောက်အပေါ်မှာပဲ မူတည်နေတာမဟုတ်ပါဘူး။ လာလီဂါမှာ အသင်းရဲ့အခြေအနေကို ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့ နောက်ဆုံးအကြိမ်အထိ တိုက်ပွဲဝင်သွားပါမယ်။ ချန်ပီယံလိဂ်ကတော့ ထိပ်တန်းအသင်းများစွာပါဝင်နေတဲ့အတွက် favourite ဆိုတာ မရှိပါဘူး” လို့ ဆိုခဲ့တယ်။

ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်ရှုံးထွက် ၁၆သင်းအဆင့်မှာ ပြင်သစ်ထိပ်သီး PSG အသင်းနဲ့ ပွဲကျပ်ကစားရဖို့ရှိနေပါတယ်။ ရော်နယ်လ်ကိုးမန်းက ဒီဇန်နဝါရီအပြောင်းအရွှေ့မှာ ကစားသမားခေါ်ယူချင်ပေမယ့် အသင်းအနေနဲ့ ဘတ်ဂျက်မရှိတာကြောင့် မခေါ်နိုင်တာကိုလည်း စိတ်ပျက်မိတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

Ref: Goal .com

Be the first to comment

Leave a Reply

Your email address will not be published.


*