မက်ဆီက ပိုကောင်းတဲ့ကစားသမားဖြစ်ပေမယ့် စီရော်နယ်လ်ဒိုကို ပိုလေးစားတယ်လို့ ကာရေဂါ ပြောကြား

လီဗာပူးလ်အသင်းနောက်ခံလူဟောင်း ဂျေမီကာရေဂါဟာ Pure Football Podcast အစီအစဉ်မှာ စပိန်နာမည်ကြီးအားကစားဂျာနယ်လစ် ဂူလမ်ဘာလာဂီနဲ့တွေ့ဆုံခဲ့ပြီး မက်ဆီနဲ့ စီရော်နယ်လ်ဒို ဘယ်သူပိုကောင်းသလဲဆိုတဲ့ မေးခွန်းအပေါ်သူ့အမြင်ကို ပြောဆိုခဲ့ပါတယ်။

ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီနဲ့ ဂျူဗင်တပ်အသင်းတိုက်စစ်ကစားသမား စီရော်နယ်လ်ဒိုတို့ဟာ လက်ရှိဘောလုံးလောကရဲ့ အကောင်းဆုံးကစားသမားတွေဖြစ်ပြီး ဘယ်သူပိုကောင်းတယ်ဆိုတဲ့ ငြင်းခုံမှုတွေလည်း အမြဲမပြတ်ကြားနေရပါတယ်။

မက်ဆီနဲ့ စီရော်နယ်လ်ဒိုတို့ဟာ ကစားသမားဘဝမှာ ဆုဖလားစုစုပေါင်း ၆၄လုံးအထိရယူ ထားပြီး မက်ဆီက ၃၃လုံးနဲ့ စီရော်နယ်လ်ဒိုက ၃၁လုံးရယူထားတာပါ။ ဒါ့အပြင် ကမ္ဘာ့အကောင်းဆုံး ကစားသမားအဖြစ်သတ်မှတ်ကာ ပေးအပ်နေတဲ့ Ballon d’Or ဆုကိုလည်း နှစ်ဦးပေါင်း ၁၁ ကြိမ်အထိရယူ ထားပြီး မက်ဆီက ၆ကြိမ်၊ စီရော်နယ်လ်ဒိုက ၅ကြိမ်ရယူထားတာဖြစ်ပါတယ်။

ကာရေဂါက မက်ဆီဟာ သူ့အတွက်အမြဲတမ်း အကောင်းဆုံးကစားသမားဖြစ်ပေမယ့် စီရော်နယ်လ်ဒိုရဲ့ စိတ်ဓာတ်ပိုင်းနဲ့ ကြိုးစားအားထုတ်မှုကို ပိုလေးစားတယ်လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။

မက်ဆီနဲ့ စီရော်နယ်လ်ဒို ဘယ်သူပိုကောင်းသလဲဆိုတဲ့ ဂူလမ်ဘာလာဂီရဲ့မေးခွန်းအပေါ် ကာရေဂါက” မက်ဆီပေါ့.. ဒါကို ကျွန်တော် ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ပါဘူး။ သူက တခြားကစားသမားတွေ မလုပ်နိုင်တာကို အားလုံးပါးစပ်အဟောင်းသားဖြစ်အောင် အကြိမ်ကြိမ်လုပ်ပြနေတဲ့သူလေ။”

“စီရော်နယ်လ်ဒိုကိုတော့ ကျွန်တော့်အနေနဲ့ ပိုလေးစားမိတယ်လို့ ထင်ပါတယ်။ ဒါကိုဘာကြောင့်ပြောရသလဲဆိုတော့ သူ့မှာ မယုံနိုင်စရာ အရည်အသွေးရှိတယ်။ အထူးသဖြင့် သူ့ရဲ့စိတ်ဓာတ်၊ အာရုံစူးစိုက်မှု၊ ကြိုးစားအားထုတ်မှု စတာတွေဟာ ဘယ်နေရာပဲရောက်ရောက် သူ့ကိုထိပ်တန်းအဆင့်ရောက်ရှိနေစေတယ်။”

“Ballon d’Or ဆုရရှိထားမှုကိုကြည့်ရင် စီရော်နယ်လ်ဒိုက အသည်းပေါက်မတတ်ကြိုးစားခဲ့တာတောင် မက်ဆီက အသာရနေသေးတယ်။ ဒါပေမဲ့ သူ့အနေနဲ့ မက်ဆီကို ပြန်အသာရနိုင် ဖို့ ကြိုးစားအားထုတ်မှု ရှိနေသေးတယ်။ ကျွန်တော် လေးစားမိတာ အဲဒီစိတ်ဓာတ်ပါ” လို့ ဆိုခဲ့တယ်။

Ref: Daily Mail

Be the first to comment

Leave a Reply

Your email address will not be published.


*